၂၀၁၂ အရေးအခင်းတွင် ပါ၀င်သူများဟု စွပ်စွဲခံထားရသူ ၁၀၀ ကျော်ကို ကျောက်တော်တွင် လိုက်လံဖမ်းဆီးနေ

၂၀၁၂ အရေးအခင်းတွင် ပါ၀င်သူများဟု စွပ်စွဲခံထားရသူ ၁၀၀ ကျော်ကို ကျောက်တော်တွင် လိုက်လံဖမ်းဆီးနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသူ ကျောက်တော်မြို့နယ်မှ လူပေါင်း ၁ဝဝ ကျော်ကို အခင်းဖြစ်ပွားအပြီး (၃) နှစ်အကြာတွင် ရဲက လိုက်လံဖမ်းဆီးနေကြောင်း သတင်း ရရှိသည်။

၎င်းသတင်းအား လက်ခံရရှိပြီးနောက် ကျောက်တော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ  ရဲမှူးခင်မောင်က ယင်းသတင်းမှာ ဟုတ်မှန်ကြောင်း နိရဥ္စရာသို့ အတည်ပြု ပြောသည်။

“တချို့ကတော့ ရှောင်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အခြေအနေကိုကြည့်ပြီးဖမ်းနေရတယ်။ အကုန်လုံးကိုတော့ မမိနိုင်သေးဘူး။ မမိမချင်းတော့ ဖမ်းဆီးသွားမှာပါ” ဟု သူက ဆိုသည်။

ယခု ဖမ်းဆီးရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ ကျောက်တော်မြို့နယ်အတွင်း ၂ဝ၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သည့် တရားခံပြေးများမှာ လွတ်မြောက်နေသည့် အတွက်ဆူပူ အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာနိုင်ခြေရှိသောကြောင့် ယခုကဲ့သို့ လိုက်လံဖမ်းဆီနေရခြင်းဖြစ်ကြောင်း ရဲမှူးက ဆက်ပြောသည်။

သို့သော်လည်း ဒေသခံများကမူ ယခုကဲ့သို့ ၃ နှစ်ကျော်ကြာပြီးမှ ပြန်ဖမ်းရန် ကြိုးပမ်းနေမှုကြောင့် မတည်ငြိမ်မှုများ ပြန်ဖြစ်နိ်ုင်သည်ဟု ပြောဆိုသည်။

ယင်းပြင် ဖမ်းဆီးရာတွင်လည်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခြင်းမရှိသူများကိုလည်း ဖမ်းဆီးနေကြောင်း၊ အချို့အနေဖြင့် အဖမ်းမခံရရန် အတွက် နည်းမျိုးစုံဖြင့် အာဏာပိုင်များကို ချဉ်းကပ်ကြိုးစားနေရကြောင်း ဒေသခံများက ဆိုသည်။

ယခု ဖမ်းဆီးမည့် အစီအစဉ်အား ပြန်လည်စိစစ်ပေးရန် ကျောက်တော်ရှိမြို့မိမြို့ဖများအပါအဝင် လူမှု အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ထံ သွားရောက် တောင်းဆို ခဲ့ကြကြောင်းလည်း သိရသည်။

“အရေးအခင်းနဲ့ပတ်သက်ပြီး ပါတဲ့သူတွေရှိသလို မပါတဲ့သူတွေကိုလည်း တရားခံပြေးအဖြစ်ဖမ်းဆီးနေတာ များနေပါတယ်။ လူအသေအပျောက်တွေ၊ အရူးစာရင်းပေါက်နေတာတွေ၊ ပြည်ပမှာ ရှိနေတဲ့သူတွေလည်း ပါဝင်နေပါတယ်။ အဲဒီ မဖြစ်နိုင်တဲ့ ကိစ္စတွေကို ပြန်ပြီးစိစစ်ပေးပါဆိုပြီး ဝန်ကြီးချုပ်ဆီတောင်းဆို ခဲ့တာပါ”ဟု ဝန်ကြီးချုပ်နှင့် သွားရောက် တွေ့ဆုံခဲ့သူ ကျောက်တော်မြို့မိမြို့ဖ ဦးမောင်ဝင်းက ပြောသည်။

ယခုဖမ်းဆီးခြင်းခံနေသူများတွင် အကြမ်းဖက်မှုများ၌ ပတ်သက်မှုမရှိသူများလည်းပါဝင်နေသည် ဟု ကျောက်တော်ဒေသခံများ၏ပြောဆိုချက်မှာလိုရာ ဆွဲ၍ ပြောဆိုခြင်းဖြစ်သည်ဟု ရဲမှူးခင်မောင်က ဆိုသည်။

“အဖမ်းခံနေရတဲ့သူအားလုံး အမှုဖြစ်စဉ်မှာပါဝင်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ရဲမှတ်တမ်းတွေအရ သေချာပါ တယ်”ဟု  သူက ဆိုသည်။

ယင်းတရားခံပြေး ၁ဝဝ ကျော်အနက် လက်ရှိအချိန်ထိ ၄ ဦးသာဖမ်းဆီးထားနိုင်ပြီးယင်းတို့အနက် ကြာညိုပြင် ကျေးရွာမှဒေသခံ ၂ ဦးပါဝင်သည်ဟုလည်း ရဲမှူးကအတည်ပြုပြောသည်။

ကျောက်တော်ဒေသခံများ၏အဆိုအရ ကြာညိုပြင်ကျေးရွာမှ ဖမ်းဆီးခံနှစ်ဦးမှာဆူပူအကြမ်းဖက်မှုဖြစ်ပွားနေစဉ် အခင်းဖြစ်သည့်နေရာ၌ ရှိမနေဘဲအခြားတစ်ရွာသို့ရောက်ရှိနေခဲ့ကြောင်း သိရသည်။

Most read this week