ထိုင်‌းနယ်‌စပ်‌ ကလေးအလုပ်သမား ပပျောက်ရေးနေ့ အခမ်းအနား မြန်မာကလေးများ ပါဝင်တက်ရောက်

ထိုင်‌းနယ်‌စပ်‌ ကလေးအလုပ်သမား ပပျောက်ရေးနေ့ အခမ်းအနား မြန်မာကလေးများ ပါဝင်တက်ရောက်
by -
နွယ်လေး
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ကျရောက်သည့် ကလေးအလုပ်သမား ပပျောက်ရေးနေ့ အခမ်း အနား၌ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ကလေးများလည်း ပါဝင် ဆင်နွဲခဲ့ကြသည်။ မြန်မာကလေးများက တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများဖြင့် ပူးပေါင်းပါဝင်ခွင့် ရခဲ့ ...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ကျရောက်သည့် ကလေးအလုပ်သမား ပပျောက်ရေးနေ့ အခမ်း အနား၌ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ကလေးများလည်း ပါဝင် ဆင်နွဲခဲ့ကြသည်။

မြန်မာကလေးများက တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများဖြင့် ပူးပေါင်းပါဝင်ခွင့် ရခဲ့သည်ဟု မယ်တော် ဆေးခန်းမှ ဖွင့်လှစ်ထားသည့် ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (CDC)မှ ကျောင်းအုပ် ဆရာ မန်းရွှေနှင်း က ပြော သည်။

“ကျနော်တို့ မြန်မာကလေးတွေက ထို််င်းကျောင်းက ကလေးတွေနဲ့ ကလေးအလုပ်သမား ပပျောက် ရေး ထင်မြင်ချက်၊ ယူဆချက်၊ ဆောင်ပုဒ်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ချီတက် ခွင့်ရတာ၊ မြန်မာအ ကတွေနဲ့ ဖျော်ဖြေခွင့်ရတာ သူတို့လေးတွေ စိတ်ဓါတ်ရေးရာအရ ညီတူ ပါဝင်ခွင့်ရတော့ ကျေနပ်နေ တာမျိုး စိတ်ဓါတ်အပိုင်းလဲ ပိုပြီးတက်ကြွမှုရှိတာမြင်ရတယ်။”

ထိုင်းဌာနဆိုင်ရာနှင့် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO)တို့ ဦးစီးပြီး ကျင်းပသည့် အခမ်းအနားသို့ မဲဆောက်ရှိ  မြန်မာရွေ့ပြောင်း အလုပ်သမားကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့် ထိုင်း ကျောင်း(၅)ကျောင်းမှ ကျောင်းသူကျောင်းသား အင်အား (၆၅ဝဝ)ကျော် တက်ရောက်ခဲ့သည်။

ထိုင်းသက်ဆိုင်ရာမှ ကလေးအလုပ်သမားပပျောက်ရေး အတွက် ဝိုင်းဝန်းတိုက်ဖျက်ခြင်း သရုပ်ပြ၊ ကလေးအလုပ် သမား ပါဝင်လုပ်ကိုင်မှု သရုပ်ပြ၊ ဖျော်ဖြေပွဲ၊ ပန်းချီပြိုင်ပွဲ၊ လက်မှု ပညာပြိုင်ပွဲများ ပြုလုပ်သည်ဟု အခမ်းအနား သို့တက်ရောက်ခဲ့သူ နေ့သစ်ကျောင်းမှ ဆရာ ရဲရင့်အောင် က ယခုလိုပြောသည်။

“လမ်းလျှောက်ပွဲ တခုလုပ်တယ်။ ပြီးတော့ ပြဇာတ်တွေ ကလေးအလုပ်သမားပုံစံမျိုး ပန်းရံ လုပ်တဲ့ပုံ တွေ၊ အမှိုက်ကောက်တဲဲ့ပုံတွေ သရုပ်ပြတယ်။ ကျနော်တို့ Migrant ကျောင်းကပဲ သရုပ်ဆောင်ကြ တယ်။ ကျနော်တို့ကျောင်းက ကလေးတွေတော့ တံငါသည်လို ကွန်ပိုက်နဲ့ သရုပ်ပြတယ်။ တခြားက ရိုးရာ အကတွေနဲ့ ဖျော်ဖြေတယ်။ ထိုင်းကလေးတွေက အတီး အမှုတ် ပိုင်းပါ။”

မဲဆောက်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနေ့ အခမ်းအနားကို ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ် ပြီး (ILO) အဖွဲ့မှ လာမည့် ၂ဝ၁ဝ ခုနှစ်တွင် ကမ္ဘာတဝှမ်း ကလေး အလုပ်သမား ပပျောက်စေရန် စီစဉ်ဆောင် ရွက်သွားမည်ဟု သိရသည်။

Most read this week