ကုလထောက်ပံ့မှု ရပ်ဆိုင်းနေသော ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင် အခက်ခဲဆိုးဝါးလာနိုင်

ကုလထောက်ပံ့မှု ရပ်ဆိုင်းနေသော ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင် အခက်ခဲဆိုးဝါးလာနိုင်
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကမ္ဘာ့ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းများ၏ အကူအညီများ ရပ်ဆိုင်းလိုက်သဖြင့် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ပြတ်လပ်သည့် အခက်အခဲများ ရှိလာနိုင်သည်ဟု ကချင်ဒုက္ခသည်များ ကူညီပေးနေသူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ ကမ္ဘာ့ကုသမဂ္ဂ အကူအညီပေးရေးအဖွဲ့အစည်းများ၏ စားနပ် ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့သဖြင့် ဒေသတွင်း အစိုးရ မဟုတ်သော အကူညီပေးရေး အဖွဲ့အစည်းများ၏ အကူအညီဖြင့်သာ ဖြေရှင်းပေးနေရသည်ဟု ကချင်စစ်ပြေးဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ၏ တာဝန်ခံ ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

un-visits-seng-mai-pa-camp

“ကျနော်တို့နည်းလမ်းအမျိုးမျိုးနဲ့ဖြေရှင်းနေရတယ်။ အစားအသောက်က ဒေသ အဖွဲ့အစည်းတွေ ပေးနေတယ်။ အိမ်ဆောက်တာလည်း ဆက်လုပ်နေတယ်။ အောက်တိုဘာ ၂၇ ကနေ လာမယ်ဆိုပြီး မလာတော့ဘူး။ အစိုးရခွင့် မပြုလို့ထင်တယ်။ ကြာလာရင်တော့တခြား နည်းလမ်းတွေ ရှာရမှာပေါ့၊ အိမ်ဆောက်တာလည်း မပြီးသေးဘူး” ဟု ပြောသည်။

ထို့ပြင် ကုလသမဂ္ဂ အဖွဲ့အစည်း၏ အကူအညီဖြင့် လိုင်ဇာ ဒုက္ခသည်စခန်းအတွင်းရှိ ဆောက်လုပ်ရန် လိုအပ်သော အိမ်ခြေ ၁၀၀၀ ကျော်မှ ထက်ဝက်သာ ဆောက်လုပ်နေဆဲ ဖြစ်ကြောင်း လာမည့် ၂၀၁၅ ခုနှစ် မတ်လအထိ အပြီးသတ် ဆောက်လုပ်မည်ဟု ပြောဆိုထားသည်ဟု ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များအတွက် မေတ္တာဖောင်ဒေးရှင်း၊ ကရုဏာအဖွဲ့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် ဝန်ပေါင်နင်ထွဲ (WPN) စသည့် ဒေသတွင်း အကူအညီပေးရေး အဖွဲ့အစည်းများက အကူအညီပေးနေသည်ဟု သူက ပြောသည်။

၄င်းအဖွဲ့အစည်းများသည် စစ်ပြေး ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီပေးနိုင်ရန်အတွက် ဖွဲ့စည်းထားသော ၉ ဖွဲ့ပါ ပူးပေါင်းအကူအညီပေးရေးအဖွဲ့များက ဆန်နှင့် အစားအသောက်အပြင် ဆန် မသယ်ပို့ပေးနိုင်သော ဒေသများသို့ ရိက္ခာအတွက် ငွေကြေးဖြင့် ထောက်ပံ့ပေးနေသည်ဟု မေတ္တာဖောင်ဒေး ရှင်း၏ အမှုဆောင်ဒါရိုက်တာ ဆိုင်းစမ်ခမ်းက ပြောသည်။

“အောက်တိုဘာလကတည်းကနေ ယူအန်ရဲ့ အကူအညီက ကေအိုင်အိုထိန်းချုပ်တဲ့ ဧရိယာမှာရှိတဲ့ စခန်းတွေကို စားနပ်ရိက္ခာနဲ့ အကူအညီတွေပေးဖို့ ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ကလည်း အဲဒီယဉ်တန်းမှာပါဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အဲဒီဘက်မှာ စစ်ရေးတင်းမာတာတွေ ရှိနေတော့ မသွားနိုင်ဘူး၊ တချို့နေရာမှာဆိုရင် စားနပ်ရိက္ခာ တလစာကျန်သေးတယ်။ တချို့နေရာမှာဆိုရင် ၁၅ ရက်စာဘဲ ကျန်တော့တယ်။ အဲဒီလို အခက်အခဲတွေ ဖြစ်နေတာဖြစ်ပါတယ်” ဟု သူက ပြောသည်။

လက်ရှိ စစ်ရေး အခြေအနေ တင်းမာနေပြီး ကုလသမဂ္ဂ အကူအညီများမရရှိသဖြင့် ဒုက္ခသည်များအတွက် အခက်အခဲများ ကြံုနိုင်မည့် အခြေအနေ ရှိနေခြင်းကြောင့် ၄င်းတို့၏ ပူးပေါင်း အကူအညီပေးရေး အဖွဲ့များသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်နေသည်ဟု သူက ပြောသည်။

“ရိက္ခာပြတ်လပ်တဲ့အထိ မဖြစ်ရအောင် ဘယ်လိုဝိုင်းပြီး အားဖြည့်ကြမလဲဆိုတာ ဆွေးနွေးတိုင်ပင်နေပါတယ်။ ကျနော်တို့ဘက်ကလည်း အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အနေအထားမျိုးလည်း လုပ်နေပါတယ်။ လိုတဲ့နေရာကို ရောက်အောင် ကျနော်တို့ ပို့ဖို့ ကြိုးစားနေပါတယ်” ဟု သူက ဆက်ပြောသည်။

လက်ရှိ မိုင်ဂျာယန်ရှိ စစ်ပြေး ဒုက္ခသည်များသည် အနွေးထည်များ လိုအပ်နေသည်ဟု မိုင်ဂျာယန်ရှိ ဒုက္ခသည်များကို သွားရောက် ထောက်ပံ့ပေးနေသော ဝန်ပေါင်နင်ထွဲ(WPN) မှ ကိုဇိုင်းဒူက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်က လိုင်ဇာရှိ KIA ဗိုလ်လောင်းသင်တန်းကျောင်းတွင် အစိုးရ စစ်တပ်၏ လက်နက်ကြီးကျသဖြင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သဖြင့် KIO က ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရဘက်မှ တစ်စုံတစ်ရာ ဖြေရှင်းချက်ပေးရန် တောင်းဆိုထားသည်။

၂၀၁၁ ခုနှစ် ဇွန်က အစိုးရနှင့် KIA တပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ထိ ရှိလာကာ KIA ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်ပေါင်း ၆ သောင်းကျော် ရှိသည်ဟု ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

အဆိုပါ ဒုက္ခသည်များအတွက် ကုသမဂ္ဂ၏ အကူအညီများကို ၂၀၁၂ ခုနှစ်ထိ အစိုးရဘက်မှ တားမြစ်ခဲ့သဖြင့် အကူအညီများ မရခဲ့ပေ။ သို့သော် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ လိုင်ဇာနှင့် မိုင်ဂျာယန်များရှိ ဒုက္ခသည်များအတွက် ကုသမဂ္ဂ အဖွဲ့အစည်းများ၏ ဆန်နှင့် ဆေးဝါး၊ အိမ်တွင်းသုံး ပစ္စည်းများကို လက်ခံ ရရှိခဲ့သည်။

Most read this week