ဘူးသီးတောင်တွင် လက်နက်တိုက် ဖေါက်၍ သေနတ်ခိုးယူသူများ ဖမ်းမိ

ဘူးသီးတောင်တွင် လက်နက်တိုက် ဖေါက်၍ သေနတ်ခိုးယူသူများ ဖမ်းမိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာတွင် အခြေစိုက်သော ခမရ (၅၆၄)တပ်ရင်း လက်နက်တိုက်ကို ဖေါက်ပြီး လက်နက် ခိုးယူသွားသော စစ်သား တစ်ဦးနှင့် အရပ်သား နှစ်ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ စစ်သားမှာ အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်သား မောင်မိုးနှင့် ဘူးသီးတောင်မြို့နယ် အုတ်တောင်ကျေးရွာမှ အောင်ထွန်းကျော်နှင့် မောင်စံအေးတို့ ဖြစ်ကြကြောင်း တပ်နှင့် နီးစပ်သူများက ပြောကြားသည်။

2459574

ဒီဇင်္ဘာလ ရ ရက်နေ့ ညပိုင်းက ခမရ (၅၆၄) လက်နက်တိုက် ဖေါက်ထွင်းခံခဲ့ရပြီး ပစ္စတိုသေနတ်(၂)လက်နှင့် ၎င်းကျည်(၉၈၁)၊ ကျည်အိမ်(၄)ခုနှင့် လှံစွပ်(၂)ခုတို့ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

တပ်သား မောင်မိုးထံမှ ပစ္စတိုသေနတ် (၁)လက်၊ ကျည်အိမ်(၂)ခု၊ ကျည် (၁၃၆)တောင့်၊ အုတ်တောင်ကျေးရွာနေ အောင်ထွန်းကျော်နှင့် မောင်စံအေးတို့ထံမှ ပစ္စတို သေနတ်(၁)လက်၊ ကျည်(၈၄၅)တောင့်၊ ကျည်အိမ်(၂)ခု၊ လှံစွပ်(၂)ချောင်း တို့ကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်သိမ်းဆည်းရမိသည်ဟု သိရသည်။

ပျောက်ဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ တပ်ရင်းနှင့်နီးစပ်သူတစ်ဦးက “အဲဒီနေ့ညက တပ်ရင်းဗဟိုကင်း အလှည့်ကျ ကင်းတပ်သားက အရက်သောက်ပြီး ဗွီဒီယိုကြည့်နေတယ်လို့ ပြောပါတယ်။ အဲဒီ အချိန်မှာ အခိုးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်နေ့မှ ပြန်စစ်မှ ပျောက်မှန်းသိတာပါ။ မသင်္ကာသူတွေကို လိုက်လံစစ်ဆေးရာကနေ ခြေရာခံမိပြီး ခုလို ဖမ်းဆီးမိတာပါ” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူများထဲမှ တပ်သားမောင်မိုးကို တပ်မတော်ဥပဒေအရ စစ်ဆေးအရေးယူသွားမည်ဖြစ်ပြီး အုတ်တောင် ကျေးရွာမှ မောင်စံအေး၊ (၂၆)နှစ်၊ (ဘ) ဦးထွန်းမောင်နှင့် အောင်ထွန်းကျော်၊ (၃၃)နှစ် (ဘ)ဦးအောင်သာဇံတို့ကို နယ်ခြား စောင့်ရဲတပ်ဖွဲ့၊ တောင်ဘဇာရဲတပ်ဖွဲ့စခန်းသို့ လွှဲပြောင်းအပ်နှံ အမှုဖွင့်ထားကြောင်းနှင့် အမှုကို စခန်းမှ(ပ)၂၄/၁၄ ဖြင့် လက်ခံစစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

Most read this week