(၆၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား စစ်တွေတွင် PFP ပြုလုပ်

(၆၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား စစ်တွေတွင် PFP ပြုလုပ်
by -
နိရဥ္စရာ

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သော (၆၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အပြည်ပြည်တိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတစ်ခုကို People for People အဖွဲ့နှင့် Equality Myanmar တို့ ပူးပေါင်း၍ စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ People for People ရုံးတွင် ပြုလုပ်ခဲ့သည်။

People for People မှ ဒုတိယ အမှုဆောင်ဒါရိုက်တာ ကိုစိုးလင်းက ရခိုင်ပြည်သူများ လူ့အခွင့်အရေးအနှစ်သာရကို ပိုမိုသိရှိနားလည်စေရန်အတွက် အခမ်းအနားပြုလုပ်ခြင်း ဖြစ်ကြောင်း ပြော သည်။

“အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်သူတွေ နားလည်မှုလွဲနေတာတွေကို အချက်အလက် တိတိကျကျနဲ့ ကျွန်တော်တို့ချပြချင်တယ်။ လူ့အခွင့်အရေးဟာ အလွန်အရေးကြီးတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမယ်။ ရခိုင်ပြည်သူတွေ လူ့အခွင့်အရေးအနှစ်သာရကို ပိုမိုသိရှိနားလည်ဖို့ ရည်ရွယ်ပြီးတော့ ဒီအခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

သူကဆက်လက်၍ ရခိုင်ပြည်နယ်သည် အဓိက သယံဇာတထွက်ရှိသော ပြည်နယ်တစ်ခုဖြစ်သော်လည်း သယံဇာတများကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ဆုံးရှုံးနေကြောင်း၊ ရခိုင်ပြည်သူများ၏ အဓိကဆုံးရှုံးနေသောအခွင့်အရေးသည် ဖွ့ံဖြိုးရေးအပိုင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစအစအရာရာမှာ အခြားပြည်နယ်များထက် နောက်ကျနေကြောင်း သူက ဆိုသည်။

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကိုလည်း လက်ကမ်းကြော်ငြာဖြင့် ဖြန့်ဝေခဲ့သည်။

အပိုဒ် (၁) လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမျှမှုရှိသည်၊ အပိုဒ် (၁၉) လွတ်လပ်စွာ ဖေါ်ပြောဆိုခွင့် သတင်းများရယူခွင့်ရှိသည် စသည်ဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အပိုဒ် (၃၀) စလုံးကို ယင်းလက်ကမ်းစာစောင်တွင် ဖေါ်ပြထားသည်။

အခမ်းအနားသို့တက်ရောက်သူ ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးကလည်း သူမအနေဖြင့် လူ့အခွင့်အရေးအတွက် ၁၉၈၈ ခုနှစ်ကတည်းက နှစ်ပေါင်း ၂၆ နှစ်လုံးလုံး တိုက်ပွဲဝင်လာခဲ့ကြောင်းပြောသည်။

“ကျွန်မတို့လူ့အခွင့်အရေးကို ၁၉၈၈-ခုနှစ်ကတည်းက ၂၆ နှစ်လုံးလုံး တောင်းဆို တိုက်ပွဲဝင်လာတာပါ။ လူ့အခွင့်အရေးဟာ လူတိုင်းနဲ့သက်ဆိုင်တဲ့အတွက် လူတိုင်းကလူ့အခွင့်အရေးအတွက် ပါ၀င်ဆောင်ရွက်ရမယ်။ ကျွန်မတို့ဟာ လူအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်လို့ အဖမ်းခံထောင်ကျခံနဲ့ လူ့အခွင့်အရေးတွေကို ဆုံးရှုံးခံလာခဲ့ရတယ်” ဟု ဆိုသည်။

Equality Myanmar အဖွဲ့မှ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး သင်တန်းပေးနေသူ မနွယ်နွယ်ထွန်းကလည်း “အစတုန်းက ကျွန်မအပါအဝင် မိသားစုတစ်ခုလုံးက လူ့အခွင့်အရေးဆိုတာကို လက်မခံခဲ့ကြဘူး။ ဒါပေမဲ့ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလမှာ လူ့အခွင့်အရေးသင်တန်းတစ်ခု တက်ဖြစ်တော့ လူ့အခွင့်အရေးကို နားလည်သဘောပေါက်လာခဲ့တယ်။ လူ့အခွင့်အရေးကို လူတိုင်းသိသင့်တယ်လို့ ယူဆပြီး လူ့အခွင့်အရေး သင်တန်းပေးမှုတွေကို လုပ်လာခဲ့ပါတယ်။ ကျွန်မက မြေယာကိစ္စနဲ့သင်တန်းပေးပါတယ်။ ဧရာဝတီတိုင်း၊ ပြင်ဦးလွင်၊ ဂွ၊ မြေပုံမြို့တို့မှာ ကိုယ်တိုင်သွားရောက်ပြီး သင်တန်းပေးလာခဲ့ပါတယ်”ဟု ဆိုသည်။

People for People အဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ပြီး USAID အကူအညီဖြင့် လူ့အခွင့်အရေးသင်တန်း၊ ပဋိပက္ခဖြစ်နေသည့်အခြေအနေ လျှော့ချရေးသင်တန်းများကို ရခိုင်ပြည်နယ်တွင် စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ သုံးဒေသခွဲ၍ ပြုလုပ်နေပြီး စစ်တွေဒေသတွင် ကျောက်တော်၊ စစ်တွေ၊ မြောက်ဦးတို့ပါ၀င်ပြီး၊ မောင်တောဒေသတွင် မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်တို့ ပါ၀င်ကာ ကျောက်ဖြူဒေသတွင် ဂွ သံတွဲခရိုတို့ပါ၀င်ကြောင်း သိရသည်။

ယင်းအခမ်းအနားကို မွန်းလွဲ ၁ နာရီခွဲတွင် စတင်ပြီး စိတ်ပါ၀င်စားသူ ၄၀ ဦးခန့်တက်ရောက်ခဲ့သည်။

Most read this week