ဖွံ့ဖြိုးရေးဂျာနယ် သတင်းထောက်တစ်ဦး ကိုယ်ထိလက်ရောက်စော်ကားခံရမှု သတင်းစာရှင်းလင်းပွဲပြုလုပ်

ဖွံ့ဖြိုးရေးဂျာနယ် သတင်းထောက်တစ်ဦး ကိုယ်ထိလက်ရောက်စော်ကားခံရမှု သတင်းစာရှင်းလင်းပွဲပြုလုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အခြေပြု ထုတ်ဝေသော ဖွံ့ဖြိုးရေးဂျာနယ်မှ အကြီးတန်းသတင်းထောက် တစ်ဦးကို  စစ်တွေမြို့ ဆိပ်ကမ်း ၀န်ထမ်းတစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖွံ့ဖြိုးရေးဂျာနယ်ရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဖွံ့ဖြိုးရေး ဂျာနယ်မှ အယ်ဒီတာအဖွဲ့ တစ်ဦးဖြစ်သူ ဦးမိုးဇော်က စစ်တွေမြို့ ဆိပ်ကမ်းမှ ဂိတ်စောင့် တစ်ဦးဖြစ်သော ဦးကျော်မျိုးထွန်း (ခ) ပေါင်ပေါင်ဆိုသူမှ သတင်းရယူရန် သွားရောက်သော ဖွံ့ဖြိုးရေး ဂျာနယ် အကြီးတန်း သတင်းထောက် ဦးကျော်လင်းအား ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ပြောဆိုသည်။ သို့အတွက် ယခု သတင်းစာရှင်းလင်းပွဲ ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

fekagtjr

ယခု လုပ်ရပ်သည် လွတ်လပ်စာ သတင်းရယူခွင့်ကို ထိခိုက်သလို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ပြောဆို ထားသော အစိုးရ ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ခွင့်ပြုထားချက်ကိုလည်း ထိခိုက်ရာ ရောက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးမိုးဇော်က ပြောကြားသည်။

“ဖွံ့ဖြိုးရေးဂျာနယ်ဟာ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်တာမရှိဘူး။ ဘယ်သူ့နဲ့မှလည်း ပဋိပက္ခမရှိဘူး။ ဆိပ်ကမ်း အာဏာပိုင်ထံမှ သတင်းသွားယူတာကို ဒီလိုမျိုးဆက်ဆံလုပ်ဆောင်တာဟာ လွတ်လပ်စွာ သတင်းယူခွင့် မရှိဘူးဆိုတာကို ဖေါ်ပြနေတာပဲ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဘယ်ဌာနကမဆို လွတ်လွတ်လပ်လပ် သတင်းသွားယူလို့ ရတယ်လို့ မီဒီယာကို ရှင်းလင်းထားတယ်။ အပေါ်က ခွင့်ပြုပေမယ့် အောက်ကလူတွေက နားလည်မှု မရှိကြသေးဘူး” ဟု သူက ဆိုသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ရှင်းလင်းရာတွင် ဖွံ့ဖြိုးရေးဂျာနယ်မှ အကြီးတန်းသတင်းထောက် ဦးကျော်လင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်း အရာရှိထံသို့ ဒီဇင်ဘာလ ၃ ရက်နေ့က သတင်းသွားယူစဉ် ဂိတ်စောင့်တစ်ယောက်နှင့် စကားအချအတင်ဖြစ်ပြီး ဂိတ်စောင့်က ဦးကျော်လင်းကို ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သည်ဟု ဆိုသည်။

ယင်းကိုယ်ထိ လက်ရောက် ကျူးလွန်မှုနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးရေး ဂျာနယ် တာဝန်ရှိသူများက ရခိုင်ပြည်နယ် ဆိပ်ကမ်းအရာရှိသို့ ကန့်ကွက်စာရေးသားပေးပို့ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့ဆိပ်ကမ်း ပြည်နယ်ဆိပ်ကမ်းအရာရှိ ဦးထွန်းဌေးအား  ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းရုံးသို့ သွားရောက်ပြီး နိရဥ္စရာက မေးမြန်းရာ ပြည်နယ်ဆိပ်ကမ်းအရာရှိ ဦးထွန်းဌေးက ယခုလို ပြောဆိုသည်။

“သူသတင်းလာယူတဲ့အချိန်မှာ ကျွန်တော်တို့က အစည်းအဝေးလုပ်တဲ့ အချိန်နဲ့တိုက်ဆိုင်နေပါတယ်။ ဂိတ်စောင့်က ခဏစောင့်ပါလို့ ပြောတာကို သူကမစောင့်နိုင်ဘူးလို့ ပြန်ဖြေတယ်လို့သိရပါတယ်။ ဂိတ်စောင့်ဆီက ဖုန်းနံပတ်တောင်းတော့ ဂိတ်စောင့်ကလည်းပေးမယ်လည်း မပြောဘူး၊ မပေးဘူးလို့လဲ မပြောဘူး။ ဒီလိုနဲ့ အချင်းချင်း စတင် စကားအချေအတင် ဖြစ်ကြတယ်လို့ သိရတယ်” ဟု ပြည်နယ်ဆိပ်ကမ်းအရာရှိက ပြောသည်။

ယင်းပြင် ဂိတ်စောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှု မလုပ်ခဲ့ကြောင်း ပြောကြားသည်ဟု ဦးထွန်းဌေးက ဆိုသည်။

“အဲဒီလို အချေအတင်ဖြစ်ကြတဲ့အချိန်မှာ သူတို့သတင်းထောက်က ဂိတ်စောင့်ပြောတာတွေကို အသံဖမ်းမယ်လို့ လုပ်တော့ ဂိတ်စောင့်ကလည်း သူ့လက်ကိုင်ဖုန်းနဲ့ ဓါတ်ပုံရိုက်ဖို့ လုပ်တဲ့အခါမှာ အဲ့ဒီသတင်းထောက်က လက်နဲ့ ပုတ်လိုက်တဲ့ အတွက် ဂိတ်စောင့်ရဲ့ ဖုန်းလွင့်စင်ကျသွားပါတယ်။ ဂိတ်စောင့်က သူမထိုးဘူးလို့ ပြောတယ်” ဟု သူက ဆိုသည်။

ကိုယ်ထိ လက်ရောက် စော်ကားခဲ့သည်ဟု စွပ်စွဲခံရသူ ဂိတ်စောင့် ဖြစ်သူ ဦးကျော်မျိုးထွန်း (ခ) ပေါင်ပေါင်အား မေးမြန်းရာ ဖြစ်ပွားပုံအသေးစိပ်ကို အထက်အရာရှိ ရှင်းပြသည့်အတိုင်း နိရဥ္စရာသတင်းဌာနသို့ ထပ်မံ ရှင်းပြခဲ့သည်။

ဖွံ့ဖြိုးရေးဂျာနယ်မှ သူတို့စာထုတ်ထားသည့်အတိုင်း ဆိပ်ကမ်း အာဏာပိုင်များ အနေဖြင့် တစ်စုံတစ်ရာ တုန့်ပြန်မှု လုပ်ဆောင်ခြင်း မရှိပါက နောက်ထပ် သုံးရက်ထိ စောင့်ကြည့်မည် ဖြစ်ပြီး နောက်ထပ်လုပ် သင့်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

Most read this week