ရခိုင်တွင် ကလေးငယ် ၉သိန်းကျော်အား ၀က်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေး၂၀၁၅ ဖေဖေါ်ဝေါရီတွင် အပြီးထိုးပေးမည်

ရခိုင်တွင် ကလေးငယ် ၉သိန်းကျော်အား ၀က်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေး၂၀၁၅ ဖေဖေါ်ဝေါရီတွင် အပြီးထိုးပေးမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်ရှိ အသက် ၉ လ မှ ၁၅ နှစ်အတွင်းရှိ ကလေးငယ် ၉ သိန်းကျော်အား ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးကို ၂၀၁၅ ခု ဖေဖေါ်ဝါရီလအတွင်း အပြီးထိုးပေးသွားမည်ဟု ရခိုင်ပြည်နယ်အစိုးရရုံးတွင်ပြုလုပ်သော နိုင်ငံတစ်ဝန်း ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၅) ပြည်နယ်အဆင့် အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ပြောကြားသွားသည်။

ယင်းကဲ့သို့ကာကွယ်ဆေးထိုးရာတွင် အသက် ၉ လမှ ၅ နှစ်အတွင်းရှိ ကလေးငယ် ၃ သိန်းကျော်အား ဇန္နဝါရီလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့ထိလည်းကောင်း၊ ၅ နှစ်မှ ၁၅ နှစ် ကလေးငယ်များအား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့အထိလည်းကောင်း အဖြတ် နှစ်ဖြတ်ခွဲ၍ လုပ်ဆောင်သွားမည်ဟု ရှင်းလင်းသွားသည်။

IMG 20141203 090804-2

ယင်းကာကွယ်ဆေးထိုးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ရခိုင်ပြည်နယ်ရှိ ဆရာ/ဆရာမ ၂၂၉၀၃ ဦးက ပါ၀င်ဆောင်ရွက်သွားမည်ဟု သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များတွင် ဂျိုက်သိုးရောဂါဖြစ်ပွားပါက အကျိုးဆက်အနေဖြင့် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးသေခြင်း၊ မွေးဖွားလာသည့်ကလေးငယ်များတွင် မျက်စိအတွင်းတိမ်ရောဂါနှင့် နားမကြားခြင်းတို့ကို ဖြစ်ပွားစေနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်တွင် မိခင်များရဲ့ မွေးကင်းစကလေးများ မေးခိုင်ရောဂါကို ပြည်သူ့ကျန်း မာရေး ပြဿနာအဖြစ်မှ ကင်းဝေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  အသိအမှတ်ပြုကြောငြာခဲ့သည်။

၂၀၁၄ ခု မတ်လ ၂၇ ရက်နေ့တွင် မြန်မာအနေဖြင့် အရှေ့တောင်အာရှဒေသနိုင်ငံများနှင်အတူ ပိုလီယိုရောဂါကင်းစင်ကြောင်း ကြေငြာနိုင်ခဲ့သည်။

၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးချိန်တွင် ၈ တန်းနှင့် ၉ တန်းစာမေးပွဲအချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကလေးငယ်များ ဆေးအရှိန်ကြောင့် နာမကျန်းဖြစ်ပြီး စာမေးပွဲမဖြေနိုင် ဖြစ်မည်ကို စိုးရိမ်ကြောင့်နှင့် ၄င်းကာကွယ်ဆေးများကို အအေးသေတ္တာထည့် သိုလှောင်ရသဖြင့် ဝေးလန်ခေါင်ပါး သည့် နေရာသို့သယ်ယူရာတွင် ဆေးအာနိသင်ပျက်ပြယ်မည်ကို စိုးရိမ်မိကြောင်း ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ထောက်ပြဝေဖန်ပြောကြားခဲ့သည်။

ယင်းဝေဖန်ချက်နှင့်ပတ်သက်၍ ကျန်းမာရေးဌာနက အရာရှိတစ်ဦးက ကာကွယ်ဆေးထိုးရာ၌ လူတစ်သန်းတွင် ၁၀ ယောက်သာ ဆေး affect ဖြစ်သည်ဟု ဖြေကြားသွားသည်။

“ဒီဆေးက ၀က်သက်ကာကွယ်ဆေးလို မပြင်းထန်ဘူး ၀က်သက်ကာကွယ်ဆေးနဲ့ ဂျိုက်သိုးကာကွယ်ဆေးကို ရောစပ်ထားတဲ့ ကာကွယ်ဆေးထိုးရာမှာ လူတစ်သန်းထိုးမှ ၁၀ ယောက်သာ affect ဖြစ်တာကို ခံရတာပါ။ ဆေးထိုးပြီး အနည်းဆုံး နာရီဝက်စောင့်ကြည့်မှာ ဖြစ်တဲ့အတွက် ကလေးတွေ နာမကျန်းဖြစ်တာကို ဘာမှ စိုးရိမ်စရာ မလိုပါဘူး”ဟု ယင်းအရာရှိကပြောကြားသည်။

သူက ဆက်လက်၍ “ဒီဆေးက ဆေးအာနိသင် မပျောက်ပျက်အောင် အအေးသေတ္တာထဲ သိုလှောင်ထားရတယ် ဆိုပေမယ့် သဘာဝအပူချိန်အတိုင်းထားရင်တောင် ရ ရက်ထိ ထားနိုင်ပြီး၊ ရေခဲသေတ္တာထဲ သိုလှောင်ထားရင် နောက်ထပ် ရ ရက်ထိ သိမ်းထားနိုင်မှာဖြစ်တဲ့အတွက် ဝေးလန်ခေါင်ပါးတဲ့ နေရာသို့ သယ်ယူတဲ့အခါမှာ ဆေးအာနိသင်ပျောက်ဖို့ကို စိုးရိမ်စရာ မလိုပါဘူး” ဟု သူက ပြောကြားသွားခဲ့သည်။

UNICEF မှ အရာရှိတစ်ဦးကလည်း ဝေးလန်ခေါင်ပါးသည့် နေရာများသို့ပါ ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို လက်ခံရယူနိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းနှင့် လုပ်ငန်းအောင်မြင်မှု ရှိပါစေလိုကြောင်း စကားပြန်မှတစ်ဆင့် ပြောကြားခဲ့သည်။ ICRC ကမ္ဘာ့ကြက်ခြေနီ အဖွဲ့က အရာရှိတစ်ဦးကလည်း “ကျွန်မတို့က အကျဉ်းထောင်တွေကို သွားရောက်ကူညီနေတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အကျဉ်းကျခံနေရတဲ့ မိခင်တွေရဲ့ ကလေးတွေအတွက်ပါ ထည့်သွင်းစဉ်းစားစေလိုပါတယ်”ဟု စကားပြန်မှဆစ်ဆင့် ပြောကြားခဲ့သည်။

ယင်းကာကွယ်ဆေးထိုးရေး လုပ်ငန်းအောင်မြင်ရေးအတွက် NGOs ၊ INGOs နှင့် UN ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၀ ခုနှစ်တွင် ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ပက်ပျောက်သွားအောင် ဆောင်ရွက်နိုင်မည်ဟု လျာတားထားကြောင်း အဆိုပါရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသွားသည်။

ယင်းအခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ပြီး ၁၀ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။ ယင်းအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ UNICEF နှင့် ICRC မှ အရာရှိတို့အပါအဝင် လူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

Most read this week