သယံဇာတ သုံးခွင့်မရကြသည့် ရခိုင်ဒေသခံများမှာ ဟင်းမွှေသည့်ယောက်မ တူနေဟုဆို

သယံဇာတ သုံးခွင့်မရကြသည့် ရခိုင်ဒေသခံများမှာ ဟင်းမွှေသည့်ယောက်မ တူနေဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်သူများအနေဖြင့် ကိုယ့်မြေကထွက်သည့် သဘာဝသယံဇာတ ပစ္စည်းများကို ကိုယ်တိုင်ခံစားပိုင်ခွင့် မရရှိသဖြင့် ရခိုင်ပြည်သူများဘဝမှာ ဟင်းမွှေသည့်ယောက်မနှင့် အလားသဏ္ဍာန်တူနေကြောင်း စစ်တွေတွင် ပြုလုပ်နေသော “ ရခိုင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ရခိုင်ပြည်လုံးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တွင် မြို့မကျောင်း ကျောင်းဆရာတော်က မိန့်ကြားသည်။

ဒီဇင်ဘာလ ၉ ရက်နေ့က ပြုလုပ်သော ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ဆရာတော်ကြီးက သြဝါဒ မိန့်ခွန်း ပြောကြားရာတွင် ထိုသို့ မိန့်ကြားသွားခဲ့ခြင်း ဖြစ်သည်။

Workshop-3-2

“ရခိုင်ပြည်ဟာ ရှေးယခင်က လျှပ်စစ်မီးမရှိ အမှောင်ကျနေခဲ့ပါတယ်။ လူမှုရေး စီးပွားရေးအပိုင်းတွေမှာ တိုးတက် သင့်သလောက် မတိုးတက်ခဲ့ဘူး။ ယခုလာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ရောက်ရင် မီးလင်းတော့မယ်ဆိုတော့ ရခိုင်တွေ အိပ်နေလို့မဖြစ်တော့ဘူး။ စက်မှုဇုံတွေမှာ လုပ်ငန်းတွေ ထူထောင်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတက်တက်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”ဟု ဆရာတော်က ဆက်လက်မိန့်မှာ သွားခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ ပြည်သူ့ သဘာဝ သယံဇာတ “ Natural Resource for the People” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်နေသည်။  ယင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်တစ်ပြည်နယ်လုံးကို ကိုယ်စားပြုသည့် လူမှုအဖွဲ့စည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ သဘာဝ သယံဇာတအပိုင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ တက်ရောက် နေကြသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ အထူးစက်မှုဇုံ၊ ပုဏ္ဏားကျွန်းစက်မှုဇုံနဲ့ ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းအပါအဝင် လက်ရှိအထည်ဖေါ်ဆောင်နေတဲ့ စီမံကိန်းတွေအများကြီရှိပါတယ်။ နောက်ထပ် ဖေါ်ဆောင် လာမည့် စီမံကိန်းတွေလည်းရှိပါသေးတယ်။ ဒီလိုစီမံကိန်းတွေကို အကောင်အထည်ဖေါ်ဆောင်တဲ့နေရာ မှာ ပြည်သူတွေအနေနဲ့ ဘယ်အခန်းကဏ္ဍက ပါ၀င်ခွင့်ရှိသလဲ၊ ဘယ်လိုခံစားပိုင်ခွင့်ရှိသလဲဆိုတာကို သိအောင်လုပ်ဖို့ရယ်၊  အစိုးရစီမံကိန်းတွေ ဖေါ်ဆောင်လို့ ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိရအောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာကို အဖြေရှာဖို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု  အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ Training Coordinator ကိုထွန်းထွန်းက ပြောကြားသည်။

သူက ဆက်လက်၍ ယခု Work Shop ရလာဒ်ကို အခြေခံ၍ှ ပြည်သူ့အသံ ပြည်သူ့ခံစားချက်ကို ထင်ဟပ်အောင် မူဝါဒ စာတမ်း တစ်စောင်ကိုလည်း ပြုစုသွားမည်ဖြစ်ပြီး ပြည်နယ်ဖွဲ့စည်းပုံ မှာဖြစ်ဖြစ် ပြည်ထောင်စုဖွဲ့စည်းပုံမှာဖြစ်ဖြစ် ထည့်သွင်းစဉ်းစားနိုင်အောင် လှုပ်ရှားဆောင်ရွက်သွားမည်ဟု ဆိုသည်။

ပြည်သူ့သယံဇာတမှ တာဝန်ခံတစ်ဦးလည်းဖြစ် သင်တန်းဆရာတစ်ဦးလည်းဖြစ်သူ ကိုကျော်ခိုင်ကလည်း သဘာဝ သယံဇာတ ပိုင်ဆိုင်ဆုံးဖြတ်မှုအပိုင်းတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံတွင် မူဝါဒအပိုင်း၌ ကွာခြားကြောင်း၊ ကနေဒါနှင့် UAE နိုင်ငံတို့တွင် ပြည်နယ်မှ ထွက်သည့် သဘာဝသယံဇာတကို ထွက်ရှိသည့်ပြည်နယ်က အပြည့်အဝ ပိုင်ဆိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ရှင်းလင်းပြောကြားသွားသည်။

သူက ဆက်လက်၍ “အင်ဒိုနီးရှားမှာတောင် ပြည်နယ်တစ်ခုနဲ့ တစ်ခု သဘာဝသယံဇာတ ခွဲဝေသုံးစွဲပိုင်ခွင့်မှာ ကွာဟမှုတွေ ရှိပါတယ်။  အာရှီးပြည်နယ်ဟာ နောက်ပြည်နယ်တွေနဲ့စာရင် ခွဲဝေသုံးစွဲပိုင်ခွင့် အများဆုံးရရှိထားပါတယ်။ ဒီလိုမျိုးရရှိဖို့အတွက်လည်း လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုပ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။ ရခိုင် လူမျိုးတွေအနေနဲ့လည်း နည်းလမ်းစနစ်တကျ တောင်းဆိုတိုက်ပွဲဝင်ကြမယ်ဆိုရင် ခွဲဝေသုံးစွဲမှုအပိုင်းမှာ အခြားပြည်နယ်တွေထက်သာတဲ့ အထူးအခွင့်အရေးကို ရရှိနိုင်ပါတယ်” ဟု သူက ဆိုသည်။

သင်တန်းဆရာ အဲလက်စ်ကလည်း “မြန်မာအစိုးရအနေနဲ့ EITI မှာ အဖွဲ့ဝင်နိုင်ငံဖြစ်နိုင်အောင် ကြိုးစားနေပါတယ်။ EITI မှာ အဖွဲ့ဝင်ဖြစ်ဖို့အတွက်ဆိုရင် အစိုးရရယ်၊ CBO တွေရယ်၊ ကုမ္ပဏီရယ် ညွန့်ပေါင်းဖွဲ့ပြီး လုပ်ငန်း စီစဉ် ဆောင်ရွက် မှုတွေကို စနစ်တကျ စစ်တမ်းကောက်ယူပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း တင်ပြရပါတယ်။ ယခုလက်ရှိမှာ အစိုးရ အနေနဲ့ပဲဖြစ်ဖြစ်၊ CBO အနေနဲ့ပဲ ဖြစ်ဖြစ် စနစ်တကျ နားလည်မှု မရှိသေးတဲ့အတွက် EITI မှာ အဖွဲ့ဝင်ဖြစ်ဖို့ အဆင်သင့် မဖြစ်သေးဘူး” ဟု အစိုးရ၏ လုပ်ဆောင်နေမှုကို ထောက်ပြဝေဖန်ခဲ့သည်။

သူကဆက်လက်၍ မြန်မာအစိုးရ၏ EITI အဖွဲ့ဝင်ဖြစ်လိုချင်သော ဆန္ဒမှာ ပြည်သူများ အကျိုးအမြတ်ရရှိဖို့ထက် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုကို ရစေချင်၍ ဖြစ်ကြောင်း ထောက်ပြဝေဖန်ခဲ့သည်။ “ဒီသင်တန်းက ရရှိလာတဲ့ အချက်အလက်အတွေ့အကြံုတွေကို မြေပုံမြို့ရှိ လူမှုအဖွဲ့အစည်းအားလုံးကို ရှင်းပြပြီး အခြားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားပါမယ်”ဟု မြေပုံမြို့နယ်ကို ကိုယ်စားပြု တက်ရောက်လာသည့် Green Light သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ မကေကေအောင်ကပြောသည်။

ရခိုင်အမျိုးသားပါတီ CEC တစ်ဦးဖြစ်သည့် မြောက်ဦးမြို့က ဦးအောင်သန်းကလည်း ယခုရခိုင်ပြည်နယ်တွင် ရရှိမည့်လျှပ်စစ်မီးသည် မဟာဓါတ်အားလှိုင်းမှဖြန့်ဝေပေးမည့် မီးဖြစ်သောကြောင့် စိတ်ချယုံကြည်မှုမရှိကြောင်း၊ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဂတ်(စ်)ကို အသုံးပြုပြီး တာဘိုင်များဖြင့် လျှပ်စစ်ဓါတ်အား ပေးဝေပေးမှုအပါ အဝင် ရခိုင်ပြည်ကမိုးရေကို အသုံးချပြီး ဆည်မြောင်းများတည်ဆောက် ကာ နှစ်ရာချီတည်တံ့မည့် လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုများကိုပါ ဆောင်ရွက်ပေးစေလိုကြောင့် သို့မှသာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေရှည်လုပ်ဆောင် သွားနိုင်မှာ ဖြစ်ကြောင်း သူ့အမြင်သဘောထားကို နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ယင်း အလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ခွင့်ပြုချက်ရယူခြင်းနှင့် သင်တန်းဖြစ်မြောက်အောင် ရခိုင် လူမှုကွန်ယက် အဖွဲ့က ပြည်သူသယံဇာတအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီး ကွန်ယက်အဖွဲ့မှ ဥက္ကဌ ဒေါ်ညိုအေးကပြောသည်။

ယင်းသင်တန်းသို့ ရဟန်းသံဃာများအပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးမှ လူမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ပါတီခေါင်းဆောင်များအပါအဝင် သင်တန်းသား ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခု အလုပ်ရုံဆွေးနွေးပွဲမှ ရခိုင်တစ်မျိုးသားလုံး အကျိုးစီးပွားကို ထင်ဟပ်သည့် ရလာဒ်ကောင်းများထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြောင်း သင်တန်းသားများထံမှ သိရှိရသည်။

Most read this week