စစ်ရှိန်လျှော့ချရေးအတွက် အစိုးရနှင့် တွေ့ဆုံပွဲ KIO တက်ရောက်မည် မဟုတ်

စစ်ရှိန်လျှော့ချရေးအတွက် အစိုးရနှင့် တွေ့ဆုံပွဲ KIO တက်ရောက်မည် မဟုတ်
by -
ကေအဲန်ဂျီ

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ KIO တို့အကြား ပစ်ခတ် တိုက်ခိုက်မှုနှင့် စစ်ရှိန်လျှော့ချနိုင်ရန်အတွက် ဖွဲ့စည်းထားသော နှစ်ဖက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကို ကေအိုင်အိုဘက်မှ တက်ရောက်မည် မဟုတ်ကြောင်း ဗိုလ်မှူးကြီး ခွန်နောင် က ပြောသည်။

“ကျနော်တို့ ဒီတခါတော့ ရက်အကန့်အသတ်မရှိ ရွှေ့ထားတဲ့သဘောဖြစ်တယ်။ ၁၉ ရက်က ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကေအိုင်အို ကနေ အစိုးရကို စာရေးထားတာ ရှိတယ်။ ဒီတခေါက်တော့ ဦးအောင်မင်းနဲ့ ဒီဟာနဲ့ပတ်သက်လို့ ညှိနှိုင်းဖြေရှင်းဖို့ လုပ်ပြီးမှဘဲ ကျနော်တို့နောက်ပိုင်း ပြန်လုပ်မှာပါ” ဟု သူက ပြောသည်။

Lt-Col-Naw-Bu

ဗိုလ်လောင်းများ သေဆုံးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ဖြေရှင်းရန် KIO က အစိုးရထံ စာရေးသားပေးပို့ခဲ့သော်လည်း ယခုထိ တစ်စုံတစ်ရာ ပြောဆိုလာခြင်း မရှိသေးကြောင်း သူက ပြောသည်။

နိုဝင်ဘာလ ၁၉ ရက်က အစိုးရ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIO ဗိုလ်လောင်း ၂၃ ဦး သေဆုံးမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ တစ်စုံတစ်ရာ ဖြေရှင်းချက်ပေးမှသာလျှင် ပဋိပက္ခဖြေရှင်းရေးအဖွဲ့တို့ ဆက်လက် ဆွေးနွေးသွားရန် လိုလားကြောင်း ပဋိပက္ခဖြေရှင်းရေးအဖွဲ့မှ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။

ပြီးခဲ့သည့် မေလမှစတင်၍ အစိုးရနှင့် KIO တို့ လစဉ် ပထမပတ်တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း KIO ပဋိပက္ခဖြေရှင်းရေးအဖွဲ့က တွေ့ဆုံဆွေးနွေးမှုတွင် တက်ရောက်တော့မည် မဟုတ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လမှစတင်၍ အောက်တိုဘာလအတွင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှု လျော့နည်း ခဲ့သဖြင့် နှစ်ဖက် ယုံကြည်မှု ပိုမိုရှိလာသည်ဟု KIO ဘက်မှ ထုတ်ဖော်ပြောဆိုထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် KIO တို့ နှစ်ဖက် ၅ ဦးစီပါဝင်၍ သဘောတူ ဖွဲ့စည်းထားသည့် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကို မြစ်ကြီးနားမြို့ရှိ KIO ၏ နည်းပညာအထောက်အကူပြု အဖွဲ့ရုံးခန်းတွင် ပြီးခဲ့သည့် မေလ ၂၈ ရက်က ဖွဲ့စည်းခဲ့သည်။

ထိုပဋိပက္ခဖြေရှင်းရေးအဖွဲ့တွင် အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် က ခေါင်းဆောင်အဖြစ်ပါဝင်ပြီး KIO ဘက်မှ ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်တောင် ခေါင်းဆောင်အဖြစ် ပါဝင်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလက UPWC နှင့် KIO တို့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရန်အတွက် ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေးကော်မတီကို ပဋိပက္ခ ဖြစ်ပွားရာ ဒေသအားလု့း အကျူံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

Most read this week