တပ်မမှူး တပည့်ဆိုကာ မူးယစ်ယမ်းကား၍ မိန်းမပျိုတစ်ဦအား ရိုက်နှက်သည့် စစ်သား အရေးယူခံရမည်

တပ်မမှူး တပည့်ဆိုကာ မူးယစ်ယမ်းကား၍ မိန်းမပျိုတစ်ဦအား ရိုက်နှက်သည့် စစ်သား အရေးယူခံရမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင်် စစ်သား တစ်ဦးက တပ်မမှူး တပည့်ဟုဆိုကာ မူးယစ်ယမ်းကားပြီး မိန်းမပျိုတစ်ဦးအား ကိုယ်ထိ လက်ရောက်စော်ကားခဲ့သဖြင့် အရေးယူခံရနိုင်ဖွယ်ရှိသည်ဟု သတင်း ရရှိသည်။

၎င်းစစ်သားမှာ ဘူးသီးတောင်မြို့တွင် အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်သားအဆင့်ရှိ ခင်မောင်ဝင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Khin-Mg-Win-2

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ရ ရက်နေ့  ညနေ ၆း၃ဝ အချိန်က ဘူးသီးတောင်မြို့မစျေးရှေ့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဗန်းခင်းကာ ကွမ်းယာရောင်းချသူ မဖြူဖြူသန်းထံတွင် ခင်‌‌မောင်ဝင်‌းသည် ကွမ်းယာနှင့် ဆေးလိပ်များ ဝယ်ယူခဲ့ကြောင်း၊ ဝယ်ယူသည့်အတွက် ကျသင့်ငွေကို တောင်းခံသည့်အခါ မခြေမငံဆက်ဆံပြီး စျေးဗန်းကို မှောက်ချပြီး မဖြူဖြူသန်းကို ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

“သူက ကွမ်းယာဆိုင်မှာ ဆေးလိပ်နဲ့ ကွမ်းယာတွေ ဝယ်ပြီး ပိုက်ဆံမပေးဘူးလို့ ကြားပါတယ်။ ပိုက်ဆံတောင်းတဲ့အခါ မကျေမနပ်ဖြစ်ပြီး ငါက တပ်မမှူးတပည့်၊ ငါ့ဆီက ပိုက်ဆံတောင်းဝံ့သလား ဆိုပြီး စျေးဗန်းကို မှောက်ချပါတယ်။ ပြီးတော့ ဆိုင်ရှင်မိန်းကလေးကိုလဲ ရိုက်ပါတယ်၊ အရက်လဲ သောက်စားထားပါတယ်” ဟု အနီးရှိ စျေးဆိုင်ရှင် ဦး‌မောင်ညွန့်က ‌ပြောသည်။

ယင်းသို့ ကျူးလွန်ခဲ့သည့်အတွက် ဘူးသီးတောင် မြို့နယ်ရဲစခန်းသို့ ခေါ်ယူစစ်မေးခဲ့ရာ ၎င်းမှာ စကခ(၁၅)မှ တပ်သားတစ်ဦးဖြစ်ကြောင်း ဝန်ခံသဖြင့် သက်ဆိုင်ရာ တပ်သို့ ဆက်သွယ်အပ်နှံခဲ့သည်ဟု သိရှိရသည်။

ထိုသို့ မိန်းမငယ် တစ်ဦးအား စစ်သား တစ်ဦးက ရိုက်နှက်သဖြင့် မကျေနပ်သူများက ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်က စျေးရှေ့တွင် စုရုံးလာကြသဖြင့် လူစုလူဝေးဖြစ်လာခဲ့ကြောင်း၊ ယင်းသတင်းကို  ကြားသိရသောကြောင့် မြို့ပေါ်ရှိ  အမျိုးသမီးများက သတင်းစုံစမ်းရန် စျေးရှေ့တွင် စုရုံးလာကြရာမှ မကျေမနပ်ဖြစ်လာကြရာ အခြေအနေ တင်းမာလာသဖြင့်   မြို့ပေါ်ရှိ လူမှုရေးလှုပ်ရှားသူများ၊ သံဃာတော်များက ဝင်ရောက်ထိန်းသိမ်းကာ သက်ဆိုင်ရာနှင့် ညှိနှိုင်းပေးခဲ့ရသည်။

ထိုသို့ညှိနှိုင်းပေးမှုကြောင့် ယမန် နေ့လယ်ပိုင်းက အေးစေတီကျောင်းတိုက်သို့ သက်ဆိုင်သူ ကာယကံရှင်များကို ခေါ်ယူလာခဲ့ကြောင်းနှင့် နောက်နောင် ယခုကဲ့သို့ ကျူးလွန်မှုမပြုပါကြောင်း ဝန်ခံ ကတိပြုခဲ့သည်ဟု ညှိနှိုင်းဆောင်ရွက်ပေးသူ တစ်ဦးဖြစ်သော ဦးအောင်သောင်းရွှေက ပြောပါသည်။

“ပြစ်မှုကျူးလွန်သူကိုယ်တိုင်က အရက်မူးပြီး ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ ကျူးလွန်ခဲ့တာကိုလည်း ဝန်ခံကြောင်း၊ နောက်နောက်မလုပ်တော့ပါ၊ အရေးယူတာကိုလည်းခံပါမယ်လို့ စာနဲ့ရေးပြီး ကတိပြုပါတယ်။ စစ်သားဖြစ်တော့ စစ်စည်းကမ်းအရ အရေးယူပေးမယ်လို့တော့ သိရပါတယ်။ ဘယ်လိုအရေးယူမလဲတော့ အသေအချာ မသိပါဘူး” ဟု သူကဆက်ပြောသည်။

ဖြေရှင်းရာသို့ တပ်က အရာရှိများ၊ မြို့ပေါ်ရှိ ရဟန်းတော်များ၊ လုံခြံုရေးအရာရှိများ၊  မြို့ပေါ်က လူမှုရေးအဖွဲ့ဝင်များ၊ အမျိုးသမီးအဖွဲ့များ ရောက်ရှိခဲ့ပြီး အားလုံးရှေ့တွင် တပ်သား ခင်မောင်ဝင်းက သူမှားကြောင်း ကတိခံဝန်  လက်မှတ် ရေးထိုးခဲ့သည်ဟု သိရသည်။

“ အရေးယူမယ်လို့တော့ မျှော်လင့်ပါတယ်။ ဘယ်လိုအရေးယူထားပါပြီဆိုတာတော့ ဒီဘက်ကို ပွင့်ပွင့်လင်းလင်း အသိပေးဖို့တော့ လိုပါမယ်။ ဒီမြို့ပေါ်က သံဃာတော်တွေကို အသိပေးလျှောက်ထားလိုက်ရင်တော့ ထိရောက်ပါတယ်။ ဆရာတော်တွေက ဒကာ၊ ဒကာမတွေကို ထပ်ဆင့်ပြောပြနိုင်တာပေါ့” ဟု သူက ဆိုသည်။

နာရေးကူညီမှုအသင်းမှ ဦးရွှေမြင့်ကလည်း တပ်နှင့် ပြည်သူများ ချစ်ကြည်ဖြူ  ဆိုသည့် ဆောင်ပုဒ် အတိုင်း တပ်အား အကြည်ညိုပျက်ရန် ပြုလုပ်သူများကို အရေးယူသင့်ကြောင်း ပြောကြားသည်။

“တပ်ဖွဲ့ဝင်တွေဆိုတာ ပြည်သူလူထုကို သူတို့က အကာအကွယ်ပေးရမှာ၊ အခုတော့ မကာကွယ်တဲ့အပြင် ကိုယ်တိုင်က အနိုင်ကျင့်နေမယ်ဆိုရင် ဒီတိုင်းရင်းသားတွေ ဘယ်လိုရပ်တည်ရမလဲ။ ဒီမိန်းကလေးတွေက ကိုယ့်စားဝတ်နေရေး အခြေအနေအရ နိုင်သလောက်လေး ရင်းနှီးပြီး ဆိုင်ရောင်းနေရတာ။ အခုလို စော်ကားတာကတော့ တော်တော်လေး လွန်လှတယ်။ တပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အတွက် ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်” ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့များရှိပြီး အချို့တပ်ဖွဲ့ဝင်များ၏ အမူအယာ၊ အပြောအဆို ကြမ်းတမ်းမှု၊ ရိုင်းပျမှုတို့ကြောင့် အခြေတင်ဖြစ်ပေါ်မှုများ ရှိခဲ့ဖူးသော်လည်း ယခုဖြစ်ပေါ်ခဲ့သော ပြဿနာကဲ့သို့ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယခု တပ်သားခင်မောင်ဝင်းကို စစ်စည်းကမ်းအရ အရေးယူ စစ်ဆေးမည်ဟု သိရှိရသည်။

Most read this week