ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ KIA မီးရှိူ့ဖျက်ဆီး

ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ KIA မီးရှိူ့ဖျက်ဆီး
by -
ကေအဲန်ဂျီ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ ဒေသတွင် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု KIA တပ်မဟာ ၄ မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ကြီး ဇော်လ က ပြောသည်။

ကွတ်ခိုင်မြို့နယ်ရှိ KIA ၏ တပ်ရင်း ၉ ဒေသ ဟိုဘန်ကျေးရွာအနီး ဒီဇင်ဘာလ ၈ ရက်က ဘိန်းမဲ ၃ ကီလို၊ ဘိန်းဖြူ ၄.၅ ကီလို၊ ရာမဆေးပြား ၄၂၂၄ ပြား၊ ရာမစျေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော ဆေး ၈ ပိဿာ စုစုပေါင်း ကျပ် ၁၀၄ ၈၁၀ ၀၀၀ တန်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

Dec-8-2014-KIA-burns-drug-in-Shan-state

“မနေ့က ၁၁ နာရီမှာ စတယ်။ ကေအိုင်အေ တပ်မဟာ ၄ တာဝန်ရှိသူကလည်း ကေအိုင်အေရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပေါ်လစီတွေ ရှင်းပြတယ်။ ၁ နာရီမှာတော့ ကာလတန်ဖိုး တစ်ထောင်ကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှုံ့ဖျက်ဆီးလိုက်တယ်။ အခုတလောဘဲ ရာမဆေးပြားထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ဆေး ပိဿာ ၃၀၀ ကျော်ကိုလည်း မသယ်နိုင်လို့ အဲဒီနေရာမှာဘဲ မီးရှိူ့လိုက်တယ်” ဟု သူက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ တာဝန်ခံ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ၏ တာဝန်ခံလည်း ဖြစ်သူ ဗိုလ်မှူးကြီး ကရား ဇော်လီကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ပွဲတက်ရောက်လာသူများအား ရှင်းလင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထိုအခမ်းအနားသို့ ဒေသခံ ရပ်မိရပ်ဖများ အပါအဝင် စုစုပေါင်း ၃၅၀ ဦးကျော် တက်ရောက်ခဲ့သည်ဟု ဗိုလ်ကြီး ဇော်လက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ၏ တပ်ရင်း ၉ ဒေသ ကွတ်ခိုင်မြို့နယ် ဟိုဖျက်ကျေးရွာအနီးတွင် ပထမအကြိမ်မြောက် မူးယစ်ဆေးဝါး ဘိန်းဖြူ ၂၆ ကီလို၊ ဘိန်းမဲ ၁၃ ပိဿာနှင့် ရာမ ဆေးပြား ၆ သောင်းကျော် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၂၀၀၀ ကျော်ကို မီးရှုံ့ဖျက်ဆီးခဲ့သည်။

ဒုတိယအကြိမ်မြောက် မူးယစ်ဆေးဝါး မီးရှုံ့ဖျက်ဆီးမှု အနည်းငယ် လျော့နည်းသွားသော်လည်း အစိုးရ ထိန်းချုပ်ရာ နေရာများတွင် မူးယစ်ဆေးဝါး လျော့နည်းသွားခြင်း မရှိသေးကြောင်း ဗိုလ်ကြီး ဇော်လက ပြောသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၃ ခုနှစ်က (၅၇ ၈၀၀) ဟတ်တာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် (၅၇ ၆၀၀) ရှိသဖြင့် ဟတ်တာ ၂၀၀ ကျဆင်းသွားသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)က ဒီဇင်ဘာလ ၈ ရက်က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ဘိန်းထုတ်လုပ်မှု တန်ချိန် ၈၇၀ ရှိရာမှ ၂၀၁၄ ခုနှစ်တွင်  ၆၇၀ တန်အထိ ကျဆင်းခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

UNODC မူးယစ်ဆေးဝါး စိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှုများ အနည်းငယ် လျော့နည်းသည်ဟု ပြောဆိုသော်လည်း မူးယစ် ဆေးဝါး လျော့နည်းသွားခြင်း မရှိသေးဘဲ တခြား မူယစ်ဆေးဝါး အမျိုးအစားများ ပြောင်းလဲ ထုတ်လုပ်မှုများ ရှိနေသည်ဟု ဗိုလ်ကြီး ဇော်လက သူက ပြောသည်။

KIO ကမူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လူထုနှင့်အတူ ပူးပေါင်း လုပ်ဆောင်နေရာ လက်ရှိ ကချင်ပြည်နယ်၊ ရှမး်ပြည်နယ်မြောက်ပိုင်းတို့တွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေပြီ ဖြစ်သည်။

Most read this week