ကျည်ဆံထိမှန်၍ ကိုးတန်း ကျောင်းသူ သေဆုံးမှု ကော်မရှင်ဖွဲ့ စစ်ဆေးရန် တောင်းဆို

ကျည်ဆံထိမှန်၍ ကိုးတန်း ကျောင်းသူ သေဆုံးမှု ကော်မရှင်ဖွဲ့ စစ်ဆေးရန် တောင်းဆို
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူသေဆုံးခဲ့မှုကို အမှုမှန် ဖော်ထုတ်ပေးရန် အစိုးရဘက်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် သေဆုံးသူ၏ ဖခင်နှင့် ၎င်းအမှုနှင့်ပတ်သက်၍ ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီတို့က တောင်းဆိုလိုက်သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်အုပ်စု(၁) ဆွတ်ငိုင်ယန်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဂျာဆိုင်းအိန်အား ပစ်ခတ်ခဲ့သော အစိုးရ တပ်ဖွဲ့အား စစ်ဆေးပေးရန် ဒီဇင်ဘာလ ၆ ရက်က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

Ja-seng-ing-killed-by-Burmese-soldiers
“ကျနော်သမီးသေဆုံးမှုနဲ့ပတ်သက်လို့ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ တရားမျှတတဲ့ စုံစမ်းစစ်ရေးရေးကော်မရှင်ဖွဲ့ပြီး အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာ ဖြစ်တယ်။ ကျနော့ကိုလည်း တပ်မတော်က တရားစွဲတာနဲ့ ပတ်သက်လို့ ရှင်းလင်းတာပါ” ဟု သေဆုံးသူ၏ ဖခင် ဦးဘရန်ရှောင်က ပြောသည်။

သမီးသေဆုံးမှုအပေါ် စုံစမ်းစစ်ဆေး အရေးယူပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မတီ အပါအဝင် သမ္မတ ဦးသိန်းနှင့် တရားဥပေဒ စိုးမိုးရေးနှင့် အေးချမ်း တည်ငြိမ်ရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့်တို့ထံ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်က ဦးဘရန်ရှောင်က တိုင်ကြားစာပေးပို့ခဲ့သည်။

တိုင်ကြားစာတွင် အစိုးရ၏ စစ်တပ် အင်အား ၈၀ ခန့်ပါဝင်သော ခမရ ၃၈၉ စစ်ကြောင်း အခင်းဖြစ်ပွားသည့်နေ့က မှော်ဝမ်း ရပ်ကွက်တွင် နားနေခဲ့ပြီးနောက် ညနေ ၄ နာရီချိန်တွင် ရွာအပြင်ထွက်ရန် ပြင်ဆင်နေစဉ် ပေါက်ကွဲ သံကြားသဖြင့် KIO ဟု ထင်မှတ်ကာ ၎င်းကျေးရွာအတွင်း ပရမ်းပတာ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုင်ကြားစာနှင့် ပတ်သက်၍ ဖခင်ဖြစ်သူ ဦးဘရန်ရှောင်ကို မမှန်မကန် တိုင်တန်းသည်ဟုဆိုကာ ဖားကန့်မြို့နယ် တရားရုံးတွင် ပုဒ်မ ၂၁၁ ဖြင့် ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်က အစိုးရ၏ ဒုစစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်လင်းပိုက် တရားစွဲဆိုခဲ့သည်။ ဧပြီလ ၈ ရက်တွင် ဖားကန့်မြို့နယ် တရားရုံးက ကျပ်ငွေ ၆ သိန်းဖြင့် အာမခံပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ဦးဘရန်ရှောင်အား စွဲချက်တင်ပြီးနောက်ပိုင်း တရားလို ဗိုလ်မှူး ဇာနည်ဝင်းပိုက်အား တရားရုံးမှ ဆင့်ခေါ်ခဲ့သော်လည်း ယနေ့ထိ တရားရုံးသို့ ရောက်လာခြင်း မရှိကြောင်း ဦးဘရန်ရှောင်က ပြောသည်။

“သူ့ရဲ့ ဌာနချုပ်က ပခုက္ကူမှာပြောင်းသွားပြီဆိုလို့ ဖားကန့်တရားရုံးကနေ သူ့ကိုဆင့်ခေါ်စာထုတ်တဲ့ အချိန်မှာ ပခုက္ကူ ဌာနချုပ်က ဘာပြောလည်း ဆိုတော့ ပခုက္ကူမှာ တာဝန်ထမ်းဆောင်မှု မရှိတော့ပါ ဆိုပြီး စာပြန်ဝင်လာတယ်။ အဲဒီနောက်ပိုင်း ဖားကန့်တရားရုံးက သူဘယ်မှာ ပြောင်းသွားတယ်။ ဘယ်မှာ ဝန်ထမ်းဆောင်နေတယ်ဆိုတာ မသိတော့ဘူး၊ သူဘယ်မှာတာဝန်ထမ်းဆောင်နေတယ်ဆိုတာ မသိလို့ ကြာနေတာ။ သူ့ရဲ့ နေရပ်လိပ်စာကို ဖျောက်ပြီးတော့ အချိန်စွဲနေတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်ကျော်ကြာသော်လည်း သူ့အား စွဲဆိုထားသော အမှု စစ်ဆေးမှု မပြီးသေးကြောင်း လာမည့် ဒီဇင်ဘာလ ၁၅ ရက်တွင် ၄၈ ကြိမ်မြောက် ရုံးချိန်းပေးထားသည်ဟု သိရသည်။

အခင်းဖြစ်သည့်နေ့တွင် မဂျာဆိုင်းအိန် အပါအဝင် ဆရာမ နန်ဆန့် နှင့် ကျောင်းသူ ၄ ဦးတို့လည်း ကျောင်းမှ အပြန်တွင် ပစ်ခတ်သံများကြောင့် လမ်းဘေးတစ်နေရာတွင် ပုန်းအောင်းနေစဉ် အားလုံး ထွက်လာရန် အစိုးရ စစ်တပ်က ခြိမ်းခြောက်လာသဖြင့် ထွက်လာစဉ် မဂျာဆိုင်းအိန်၏ နောက်တင်ပါးအောက်တွင် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week