ပုဏ္ဏားကျွန်းစက်မှုဇုံတွင် ပါဝင်မည့် လယ်ဧက ၁၆ဝဝ ကျော်အတွက် လျော်ကြေးမရသေး ဟုဆို

ပုဏ္ဏားကျွန်းစက်မှုဇုံတွင် ပါဝင်မည့် လယ်ဧက ၁၆ဝဝ ကျော်အတွက် လျော်ကြေးမရသေး ဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အနီးတွင်တည်ဆောက်မည့် ပုဏ္ဏားကျွန်းစက်မှုဇုန်တည်ဆောက်ရန် လျာထားသည့် မြေနေရာတွင် ပါဝင်သွားသည့် လယ်မြေဧက ၁၆ဝဝ ကျော်အတွက် ယခုအချိန်ထိ လျော်ကြေး မရရှိ သေးဟု လယ်ပိုင်ရှင်များက ပြောသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်တည်ဆောက်ရန် သတ်မှတ်ထားသည့် မြေဧက ၁၈၃၃ ဒသမ ဝဝ ဧကတွင် ယင်း မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ လယ်မြေဧကပေါင်း ၁၆၄၇ ဒသမ ၆၄ ဧက ပါဝင်လျက်ရှိသည်ဟု ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောသည်။

Ponna-Kyunt

လယ်မြေပိုင်ရှင်များမှာ ယင်းတို့၏ ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် ယခုနှစ် ဒီဇင်ဘာလ အစောပိုင်းအထိ လျော်ကြေးတစ်စုံတစ်ရာမရရှိသေးဟု လယ်ပိုင်ရှင်များက ဆိုသည်။

“လျော်ကြေးငွေတွေ အခုချိန်ထိ မရသေးဘူး။ ဘယ်တော့ပေးမယ်ဆိုတာလည်း အတိအကျမသိ ရသေးဘူး”ဟု လယ်ဧက ၄ဝ ခန့်ပါသွားသည့် တန်းစွယ်ကျေးရွာမှ ဦးတင်မောင်က နိရဥ္စရာသို့ပြောသည်။

အဆိုပါစက်မှုဇုန်ကို ပုဏ္ဏားကျွန်းမြို့အနောက်ဘက်ရှိ ရေပေါက်ချောင်းကျေးရွာအနီးတွင်တည်ဆောက် ရန်သတ်မှတ်ထားပြီး စက်မှုဇုန်မြေနေရာအတွင်း ရေပေါက်ချောင်းကျေးရွာအပါအဝင် နတ်ဆိပ်ကျေးရွာ၊ မင်းဂံ ကျေးရွာ၊ တန်းစွယ်ကျေးရွာနှင့် ယာချောင်းကျေးရွာများမှ လယ်မြေများပါဝင်သွားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ပါဝင်သွားသည့်လယ်ယာမြေပိုင်ရှင်များကို လယ်တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်းပေးလျော် မည်ဟု ယခင်ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်က ပြီးခဲ့သည့်နှစ်က လယ်သမားများနှင့်တွေ့ဆုံစဉ် ပြောခဲ့ သည်ဟု လယ်ပိုင်ရှင်များက ပြောသည်။

“ လျော်ကြေးငွေတွေကို ဘယ်အချိန်ပေးလာမယ်ဆိုတာလည်း မသိသေးဘူး။ တစ်ချို့ကလည်း လိမ်ပြော တာလား မသိဘူးဆိုပြီး ထင်မြင်ချက်တွေအမျိုးမျိုးပေးနေကြတယ်။ ပြောပြီး ပျောက်သွားလို ့လေ။ လျော်ကြေးရ မယ်လို့တော့ လယ်သမားတွေမျှော်လင့်နေကြပါတယ်”ဟု လယ်ဧက ၃ဝ ခန့်ဆုံးရှုံးသွား သည့် မင်းဂံကျေးရွာမှ ဦးမောင်သန်းထွန်းက နိရဥ္စရာသို့ပြောသည်။

ယင်းသို့လျော်ကြေးငွေများမရရှိသေးသည့်အတွက် လယ်ပိုင်ရှင်များအနေဖြင့် အခြားလုပ်ငန်းများ ပြောင်းလဲ လုပ်ကိုင်နိုင်ခြင်းမရှိသေးဘဲ စက်မှုဇုန်နယ်မြေတွင်ပါဝင်သွားသည့် ယင်းတို့၏လယ်ယာမြေများပေါ်တွင် ဆက်လက် လုပ်ကိုင်စားသောက်နေကြရကြောင်း လယ်သမားများက ပြောသည်။

စက်မှုဇုန်တစ်ခုဖြစ်ပေါ်ရန် လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့် မီးစသည့် အခြေခံလိုအပ် ချက်များပြည့်စုံမှု မရှိသေးသည့်အတွက် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ထက်စော၍ စတင်အကောင်အထည် မဖော်နိုင်ဟု သမ္မတရုံးမှ ဒုတိယဝန်ကြီးတစ်ဦးက ပြီးခဲ့သည့် ဇူလိုင်လ ရ ရက်နေ့ကပြုလုပ်သော ပြည်သူ့ လွှတ် တော်အစည်းအဝေးတွင် ထည့်သွင်းပြောကြားထားသည်။

ကျပ်သန်းပေါင်း ရ သောင်းကျော် အကုန်အကျခံ တည်ဆောက်မည့်ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် အထည်ချုပ် စက်ရုံ၊ နို့ဆီချက်စက်ရုံ၊ ဆန်ကြိတ်ဖွတ်စက်ရုံနှင့် ရေချိုသားပေါက်စခန်းစက်ရုံ၊ အအေးခန်းစက်ရုံတို့အပါအဝင် စက်ရုံပေါင်း ၃ဝ ကျော်ခန့်ပါဝင်မည်ဖြစ်သည့်အတွက် အဆိုပါစက်မှုဇုန်ပြီးစီးသွားပါက ဒေသတွင်း မှ ဒေသခံ ပြည်သူအများအပြား အလုပ်အကိုင်အခွင့်အလန်းများရရှိလာမည်ဖြစ်ကြောင်း သိရသည်။

Most read this week