၂၃၀ ပြည့်နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးနေ့ အခမ်းအနား မြောက်ဦးတွင် ကျင်းပရန်စီစဉ်

၂၃၀ ပြည့်နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးနေ့ အခမ်းအနား မြောက်ဦးတွင် ကျင်းပရန်စီစဉ်
by -
နိရဥ္စရာ

လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျရောက်မည့် ၂၃၀ နှစ် ပြည့်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာ ကျဆုံးနေ့ အခမ်းအနားကို ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးတွင် ကျင်းပရန် ဒေသခံများက စီစဉ်နေကြောင်း သတင်း ရရှိသည်။

“လက်ရှိ အချိန်မှာတော့ ကျင်းပရေး ကော်မီတီကို အဖွဲ့ဝင် ၃၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ အစီအစဉ်ကိုတော့ ၃ ကဏ္ဍခွဲပြီး ကျင်းပသွားမှာပါ” ဟု ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးမောင်သာအောင်က ပြောသည်။

 မြောက်ဦးမြို့ရှိ ရခိုင့်နန်းရာကုန်း

ဒီဇင်ဘာလ ၃၁ ရက်နေ့နံနက် ၆ နာရီမှ ၉ နာရီအတွင်း မြောက်ဦးမြို့ နန်းရာကုန်းတွင် ဆရာတော် ၁၀၈ ပါးအား ပင့်ဖိတ်ပြီး ဆွမ်းကျွေးပြီး ပရိတ်တရားတော်များကို ရွှတ်ဖတ်ပူဇော်သွားမည် ဖြစ်သည့်အပြင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများ ဂုဏ်ပြု ပူဇော်သွားမည်ဟု ဆိုသည်။

ညနေပိုင်းတွင် အစီအစဉ် (၂) ခုကို တပြိုင်တည်း ကျင်းပသွားမည် ဖြစ်ပြီး ပထမအစီအစဉ်တွင် မြောက်ဦးမြို့ နန်းရာကုန်းကို ညနေ ၆ နာရီမှ ၁၂ နာရီထိ ဆီးမီး ပူဇော်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် စာပေဟောပြောပွဲ တစ်ခုကိုလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

စာပေဟောပြောပွဲတွင် သံတွဲဆရာတော် ငွေသဇင်မှ ရခိုင်စာပေနှင့် မြန်မာစာပေ အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်၎င်း၊ မြောက်ဦး ၀တီဆွေက အဇုဆန္ဒကို ဖြည့်ပီးဖို့လဲ ခေါင်းစဉ်ဖြင့်၎င်း၊ စစ်တွေ ဆရာမ ပံသုခင်က ဇာသမိုင်းနန့် ရှေ့ဆက်ကတ်ဖို့လဲ ခေါင်းစဉ်ဖြင့်၎င်း၊ ရသေ့တောင် သားလှမှ ရခိုင်သမတိ အစိတ်ကေ မပေါက်ကတ်ဗျာလား ခေါင်းစဉ်ဖြင့်၎င်း ဟောပြောသွားမည် ဖြစ်ကြောင်း ကျင်းပရေး ကော်မီတီ အဖွဲ့ဝင် ကိုကျော်ဝင်းတင်က ပြောသည်။

ရခိုင်ဘုရင် နိုင်ငံတော် အချုပ်အချာကျဆုံးနေ့ အခမ်းအနားအား ကျင်းပရခြင်းမှာ ရခိုင်လူမျိုးများအတွက် မမေ့သင့် မမေ့အပ်သော နေ့ဖြစ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ဦးမောင်သာအောင်ဆိုသည်။

“ ဒီနေ့က ရခိုင်တမျိုးသားလုံးအတွက် အရေးကြီးတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ရခိုင်အမျိုးသားတွေ အနေနဲ့ မမေ့သင့် မမေ့အပ်တဲ့ နေ့တစ်နေ့ ဖြစ်တဲ့ အတွက် ခုလို အခမ်းအနားနဲ့ ကျင်းပဖို့စီစဉ်ရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။

ရခိုင်တို့၏ ရှေးဟောင်း မင်းနေပြည်တော် မြောက်ဦးအား အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်က တည်ထောင်ခဲ့ပြီး အေဒီ ၁၇၈၄ ခုနှစ် နှစ်ပေါင်း (၃၄၅) နှစ်အကြာတွင် ဗမာဘုရင် ဘိုးတော်ဘုရားမှ ၀င်ရောက် ကျူးကျော်သိမ်းပိုက်ရာမှ ရခိုင်ဘုရင့်နိုင်ငံတော်မှာ နိဂုံးချုပ်ခဲ့ရသည်။

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့အား ရခိုင်လူမျိုးများအနေဖြင့် ပြည်တွင်းတွင် ယခင်က ကျင်းပခွင့်ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် အတူ ပွင့်လင်းစ ပြုလာပြီ ဖြစ်သဖြင့် ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးနေ့ကို ကျင်းပပြုလုပ်ခွင့် ရရှိလာခဲ့ကြသည်ဟု သိရသည်။

Most read this week