ဆံတော်ရှင်ဘုရားပွဲ ကူးတိုးခစျေးကြီးမှု ဘုရားပြ၍ စီးပွားရှာနေခြင်းဖြစ်ဟုဝေဖန်

ဆံတော်ရှင်ဘုရားပွဲ ကူးတိုးခစျေးကြီးမှု ဘုရားပြ၍ စီးပွားရှာနေခြင်းဖြစ်ဟုဝေဖန်
by -
နိရဥ္စရာ

ရခိုင််ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်ကျင်းပလျက်ရှိသည့် ဆံတော်ရှင်ဘုရားပွဲမှာ အထူးစည်ကားလျှက် ရှိနေရာ  သဗ္ဗာန် ကူးတို့ခကို ပိုမိုမြင့်တင် ကောက်ခံနေသဖြင့် ဘုရားပြ၍ စီးပွားရှာနေခြင်းဖြစ်သည်ဟု မြို့လူထုနှင့် ဘုရားဖူးခရီးသည်များက ဝေဖန်ပြောဆိုနေကြသည်။

ဆံတော်ရှင်ဘုရားပွဲသို့ စစ်တွေမှထွက်ခွာလာသော ပြည်တွင်းရေကြောင်းသင်္ဘောများနှင့် ပုဂ္ဂလိကအမြန်ရေ ယာဉ်များပေါ်မှတဆင့် စိုးမဲကျီဆိပ်ကမ်းသို့ ကူးတို့ခ လူတစ်ဦးလျှင် ကျပ် ၂ဝဝ၊ အသွားအပြန် ကျပ် ၄၀၀  သာကောက်ခံရန် ပွဲမကျင်းပမီကပင် မြို့နယ်အုပ် ချုပ်ရေးမှူးအပါအဝင် ဘုရားဂေါပကအဖွဲ့မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်တွင်း လူမှုအဖွဲ့ အစည်းများက ဆုံးဖြတ်ထားခဲ့ကြကြောင်း သိရသည်။

Sandaw-Shin-8

သို့သော် ပွဲကျင်းပနေစဉ်ကာလအတွင်း သမ္ဗာန်ကူးတို့ခ လူတစ်ဦးလျှင် တစ်ကြောင်းကို ကျပ် ၅ဝဝ မှ ၈ဝဝ အထိ ကောက်ခံနေသည်ဟု သိရသည်။ ယခုလုပ်ရပ်မှာ ဘုရားပွဲတော်ကိုပြ၍ စီးပွားရှာနေခြင်းဖြစ်သည့် အတွက် ယင်းလုပ်ရပ်မှာ မဖြစ်သင့်ကြောင်း ဘုရားဖူးများနှင့်မြို့လူထုများက ပြောသည်။

“အစည်းအဝေးဆုံးဖြတ်ချက်က သင်္ဘောပေါ်က အဆင်း ၂ဝဝ၊ ကမ်းခြေကနေ သဗ္ဗာန်နဲ့ လာပြီး သင်္ဘောပေါ် အတက် ၂ဝဝ ကျပ်  သတ်မှတ်ထားတယ်။ ဘုရားဖူးတွေ စိတ်ချမ်းချမ်းသာ သာနဲ့ ပေါ့ပေါ့တန်တန်ဖြစ်အောင် ဆိုပြီး ဆုံးဖြတ်ထားတာ။ ကူးတို့ကိုလည်း ကန်ထရိုက်တစ်ယောက်က သိန်း ၄ဝ နဲ့ဝယ် တယ်။ ဒါကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက သိ်န်း ရဝ နဲ့ နောက်တစ်ယောက်ကိုရောင်းပေးတယ်။ သူ ပွဲစားခ ၁ဝ သိန်းရတယ်လို့ ကျွန်တော်တို့သတင်းအတိအကျရထားတယ်။ ဂေါပကအဖွဲ့ကလည်း ကျွန်တော်တို့ကို အဲလို ပြောတယ်။ ဒါကြောင့် ကူးတို့ခတွေစျေးတက်ပြီး ဘုရားဖူးခရီးသည်တွေဒုက္ခရောက်နေတာ။ ဒါက ဘုရားကိုပြပြီး စီးပွားရှာနေသလို ဖြစ်တယ်။ ကျွန်တော်တို့မြို့နယ် အတွက်လည်း တော်တော်အရုပ်ဆိုးစေ ပါတယ်”ဟု ပေါက်တောမြို့နယ် လူမှုကွန်ရက် ဥက္ကဋ္ဌ ဦးကျော်ဝင်းက နိရဥ္စရာသို့ပြောသည်။

ယင်းသို့ ဘုရားဖူးခရီးသည်တစ်ဦးလျှင် ကူးတို့ခ ကျပ် ၅ဝဝ မှ ကျပ် ၈ဝဝ အထိကောက်ခံသော်လည်း သမ္ဗာန် သမားတစ်ဦးသည် ယင်းအထဲမှ ကျပ် ၂ဝဝ သာရရှိကြပြီး ကျန်ငွေများကို ကန်ထရိုက်များက ရယူနေကြသည့်အတွက် သမ္ဗာန် သမားအချို့လည်း မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ပေါက်တောမြို့ခံ ဦးအောင်ဇံဝေက “သမ္ဗာန်သမားတွေမှာလည်း ဆီဖိုးနဲ့ အထွေထွေ စရိတ်တွေနဲ့ မကိုက်ဘူးလို့ပြောတယ်။ သမ္ဗာန်သမားတွေဘာပြောလဲဆိုတော့ ကျွန်တော်တို့ဆီက ခေါင်းပုံဖြတ် စားတယ် လို့ပြောတယ်” ဟုဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးအပါအဝင် ကူးတို့အား ကန်ထရိုက်ဆွဲသူ များနှင့် သမ္ဗာန်သမားများကို နိရဥ္စရာက ဖုန်းဖြင့် ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဖုန်းလိုင်းမမိသည့်အတွက် အဆင် မပြေခဲ့ပါ။

စစ်တွေမှ ဆံတော်ရှင် စိုးမဲကျီဆိပ်ကမ်းသို့ ပြည်တွင်းရေကြောင်းပိုင်သင်္ဘောခ လူတစ်ဦးလျှင် အသွား ကျပ် ၅ဝဝ နှင့် အပြန် ကျပ် ၅ဝဝ သာပေးနေရသော်လည်း စိုးမဲကျီဆိပ်ကမ်းမှ ကမ်းစပ်သို့ကူးတို့ခမှာ လူတစ်ဦးလျှင် အလား ကျပ် ၅ဝဝ အပြန် ကျပ် ၅၀၀ ပေးနေရခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ဘုရားဖူးခရီးသည်များ က ပြောသည်။

“ဒီဘုရားပွဲက ရခိုင်မှာ နာမည်ကြီးတဲ့ဘုရားပွဲတစ်ခုဖြစ်လို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးခရီးသည်တွေ မိသားစု အလိုက်လာကြတယ်။ အဲလို မိသားစုလိုက်လာကြတော့ လူတစ်ယောက်ကို ကူးတို့ခသက်သက် အသွားအပြန် ၁၀ဝဝ ဆိုတော့ ကျွန်မတို့ ကူးတို့ခနဲ့တင် စရိတ်စခတွေက တော်တော်အကုန်အကျများသွားပြီ။ ဒီကိစ္စကို လူကြီးတွေဖြေရှင်းပေးသင့်ပါ တယ်”ဟု အသက် ၅၈ နှစ်အရွယ် ဘုရားဖူးခရီးသည်အမျိုးသမီးတစ်ဦး က ပြောသည်။

စစ်တွေမှလာသည့်ပြည်တွင်းရေကြောင်းပိုင်သင်္ဘောများနှင့် ပုဂ္ဂလိကအမြန်ရေယာဉ်များအနေဖြင့် စိုးမဲကျီဆိပ် ကမ်းတွင် ကျောက်ဆောင်၊ ကျောက်သားများရှိနေခြင်းကြောင့် ဆိပ်ကမ်းအနီးသို့ ဆိုက်ကပ်နိုင်ခြင်းမရှိဘဲ ပင်လယ်ပြင်တွင်သာ ဆိုက်ကပ်ရပြီး ယင်းမှတဆင့် စိုးမဲကျီဆိပ်ကမ်းသို့ သမ္ဗာန် ရ၈ စီးဖြင့် ဘုရားဖူးခရီး သည်များကို သယ်ယူပို့ ဆောင်ပေးကြရကြောင်း သိရသည်။

ဆံတော်ရှင်ဘုရားပွဲကို ယခုလ ၁ ရက်နေ့မှ ရ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပနေခြင်းဖြစ်သည်။

Most read this week