NCCT နှင့် MPC ချင်းမိုင်တွင် တွေ့ဆုံ

NCCT နှင့် MPC ချင်းမိုင်တွင် တွေ့ဆုံ
by -
ကေအဲန်ဂျီ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ခြင်း လုပ်ငန်းဗဟိုဌာန (MPC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Imperial ဟိုတယ်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒီဇင်ဘာလ ၂ ရက် နံနက် ၁၀ နာရီကျော်မှ ညနေ ၅ နာရီကျော်ထိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စတုတ္ထမူကြမ်း အပေါ် ဆွေးနွေးခဲ့ပြီး NCCT ဘက်မှ ဆွေးနွေးထားသော မူကြမ်းကို ပြန်လည် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ပြီး NCCT က UPWC ဒု-ဥက္ကဌ ဦးအောင်မင်းထံ မေးခွန်းများ မေးမြန်းလိုက်သည်ဟု NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

“လိုင်ဇာမှာ ဖြစ်ပွားမှုအပေါ်မှာ ရဲဘော်တွေထိခိုက်မှုတို့ နာကျည်းမှုတို့ ရှိတဲ့အပေါ်မှာ တဖက်က ဒီဖြစ်စဉ်ကို ပြန်လည် ကုစားနိုင်မဲ့ အနေအထား တခုခု ဆက်လက်ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု မရှိဖို့အတွက် တာဝန်ယူလုပ်ဆောင်ပေးဖို့၊ ပြည်တွင်းမှာ ဆွေးနွေးမှုအတွက် လုံခြံုရေးကိစ္စကိုလည်း ဆွေးနွေးတယ်။ သွားရေးလာရေး ကိစ္စရပ်တွေပေါ့လေ။ နောက်တခုက တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့အခါမှာ ကျနော်တို့ရဲ့ အခုညှိနှိုင်းတဲ့ အပေါ်မှာ တဖက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ သုံးသပ်မှု၊  ပြန်လည် တုံ့ပြန်မှုကို စောင့်ကြည့် ပြီးတော့ ဒါကို ရရှိပြီးတဲ့နောက်ပိုင်း ကျနော်တို့ ပြန်လည် တွေ့ဆုံနိုင်ဖို့အတွက် ဆုံးဖြတ်သွားမှာ ဖြစ်တယ်” ဟု သူက သတင်းထောက်များကို ဖြေဆိုခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် အစိုးရ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးမှုအပေါ် ပြန်လည် ကုစားပေးရန်၊ လာမည့် ရ ကြိမ်မြောက် NCCT နှင့် UPWC တို့ တွေ့ဆုံ ဆွေးနွေးရန်အတွက် NCCT ကိုယ်စားလှယ်များ၏ လုံခြံုရေးနှင့် တခြား တိုင်းရင်းသားဒေသများတွင် ပစ်ခတ်မှုများ မရှိစေရန် အစိုးရဘက်မှ တာဝန်ယူလုပ်ဆောင်မှု ရှိမရှိ ဟူသော အချက်များ အပါအဝင် အချက် ၅ ချက်ခန့်ကို ပဒိုကွယ်ထူးဝင်း က ပြောသည်။

၎င်းတို့ မေးမြန်းထားမှု အပေါ် UPWC ဘက်မှ ပြန်လည် ဖြေကြားမှုအပေါ် မူတည်၍ ၄င်းတို့ အဆိုပြုထားသော လာမည့် ဒီဇင်ဘာလ ၁၇၊ ၁၈နှင့် ၁၉ ရက်များတွင် တွေ့ဆုံ ဆွေးနွေးရန်ပြန်လည် အကြောင်းပြန်မည် ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်း က ပြောသည်။

NCCT ဘက်မှ မေးမြန်းမှုအပေါ် UPWC က ဖြေကြားရန် ခက်ခဲသည့် မေးခွန်းမဟုတ်သဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ဆက်လက် ဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သူက ပြောသည်။

မကြာမီ ရက်ပိုင်းအတွင်း ပြန်လည် အကြောင်းကြားပြီး NCCT နှင့် UPWC တို့ ဒီဇင်ဘာလအတွင်း ပြန် လည် တွေ့ဆုံ ဆွေးနွေးနိုင်လိမ့်မည်ဟု မျော်လင့်ကြောင်း MPC မှ ဦးလှမောင်ရွှေ က ပြောသည်။

“ကျနော်တို့ သူတို့သဘောထားတွေမေးလာခဲ့တယ်။ ဒါကို ဝန်ကြီး ဦးအောင်မင်း ကို ပြန်တင်ပြပြီးတော့ တရားဝင် ဆွေးနွေးပွဲတွေမှာ အတည်ပြုနိုင်မယ်။ အများစုကတော့ အဆင်ပြေမှာပါ။ အန်စီစီတီဘက်မှာ ဦးအောင်မင်းကို မေးထားတဲ့ အချက်တွေ ဒီတစ်ရက် နှစ်ရက်အတွင်းမှာ အကြောင်းပြန်ဖို့ လိုတယ်။ မျော်လင့်ထားတာထက် ပိုပြီးတော့ နှစ်ဖက် ညှိနှိုင်းနိုင်တာတွေ ရှိတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်က MPC နှင့် NCCT ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးသည်။ NCCT အဖွဲ့ဝင်များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် ဆွေးနွေးရန် ကျန်ရှိသည့် အချက် ၈ ချက်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ နှင့် ဒီဇင်ဘာလ ၁ ရက်က နှစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းခဲ့သည်။

Most read this week