ကျောက်ဖြူတွင် ပြုလုပ်သော ဗိုလ်လောင်း ၂၃ အတွက် ရက်လည် ဆွမ်းကျွေးပွဲ လူပေါင်း ၃၀၀ ခန့်တက်ရောက်

ကျောက်ဖြူတွင် ပြုလုပ်သော ဗိုလ်လောင်း ၂၃ အတွက် ရက်လည် ဆွမ်းကျွေးပွဲ လူပေါင်း ၃၀၀ ခန့်တက်ရောက်
by -
နိရဥ္စရာ

KIA ဗိုလ်သင်တန်းကျောင်းတွင် အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့သော တိုင်းရင်းသားဗိုလ်လောင်း(၂၃) ဦးအား ရည်စူး၍ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ရက်လည် ဆွမ်းကျွေးအမျှဝေခြင်းနှင့် ခရစ်ယာန်ဘာသာထုံးတမ်းအစဉ်အလာအရ အောက်မေ့ဖွယ် အခမ်းအနား တစ်ခုကို နိုဝင်ဘာ ၃၀ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားအား မူလာရာမကျောင်းတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ခန့်တက်ရောက်ခဲ့သည်။

Kyauk-Pru-honer

နိုဝင်ဘာ ၁၉ ရက်နေ့က မြန်မာ့တပ်မတော် တပ်ဖွဲ့တစ်ခုမှ လိုင်ဇာရှိ KIA ဗိုလ်သင်တန်းကျောင်းသို့ လက်နက်ကြီး ကျည် ပစ်ခတ်၍ ရက္ခိုင့်တပ်မတော်မှ(၈)ဦး၊ ABSDF မှ (၂)ဦး၊ တအာင်းအဖွဲ့မှ(၁၁)ဦး၊ ချင်းအမျိုးသားတပ်မတော်မှ(၂)ဦး စုစုပေါင်း (၂၃)ဦး ကျဆုံးခဲ့ရသည်။

အခမ်းအနားတွင် ဗိုလ်လောင်းများ၏ ကိုယ်ရေးရာဇဝင်ကို ဖတ်ကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းများလည်း ပြုလုပ် ခဲ့ကြသည်။

ကဗျာဆရာ ကိုထွေး(ဇင်ချောင်း)က အာဇာနည်တို့ရဲ့ ရခိုင်ပြည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရခိုင်အမျိုးသမီး ကွန်ယက် ဥက္ကဌဒေါ်ညိုအေးက သွေးနဲ့ရေးစပ်ထားသောကဗျာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောက်ဖြူ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ကိုထွန်းကြည်က သွေးနဲ့ရေးတဲ့ ရေမြေ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ကိုတင်ထွန်း(ကျောက်ဖြူ)က ရခိုင့်စစ်သည်တော် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ရွတ်ဆိုခဲ့ကြသည်။

ရက္ခိုင့်တပ်မတော်မှကျဆုံးသွားခဲ့သောဗိုလ်လောင်းထက်ထက်အောင်၏မိခင် ဒေါ်နုသာဦးမှ သားဖြစ်သူမှာ တိုင်းပြည် အတွက် ကျဆုံးခဲ့ခြင်းဖြစ်သည့်အတွက် ဂုဏ်ယူသည်ဟု မျက်ရည်ဝဲပြီး သူ၏ ရင်းတွင်း စကားကို ပြောသွားခဲ့သည်။

“ တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း လူများကြီးသေတဲ့ လုပ်ကြံမှုကြီးဖြစ်တယ်။ နောက်နောင်မဖြစ်ဖို့ ဘယ်သူ့က တိုင်ကြား တောင်းဆိုသွားရမှာလဲ။ ဘယ်သူကကော တာဝန်ယူမှာလဲ။ နိုင်ငံရဲ့ကောင်းသော အလားအလာလား/ မကောင်းသော အလားအလာလားဆိုတာကို အားလုံး စဉ်းစားကြည့်ရင် သိနိုင်တယ်” ဟု ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးက အခမ်းအနားတွင်ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်မတော်မှ ကျဆုံးသွားခဲ့သော ဗိုလ်လောင်းထက်ထက်အောင်၏ မိဘနှစ်ဦးကို ဂုဏ်ပြု အလှူငွေများ ပေးအပ်ခဲ့သည်။

၎င်းအခမ်းအနားသို့ သံဃာတော်များ၊ အရပ်ဘက်လူမှုအဖွဲ့စည်းများ ၊ စိတ်ပါ၀င်စားသူများ ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

Most read this week