အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် NCCT တွေ့ဆုံရန် သဘောတူ

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် NCCT တွေ့ဆုံရန် သဘောတူ
by -
ကေအဲန်ဂျီ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)တို့ လာမည့် ဒီဇင်ဘာလ ၂၅ ရက် မတိုင်မီ ပြန်လည် တွေ့ဆုံရန် မူအားဖြင့် သဘော တူညီမှု ရခဲ့သည်ဟု မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ခြင်း ဗဟိုဌာန (MPC)မှ ဦးလှမောင်ရွှေ က ပြောသည်။

“ဒီနေ့ ဆွေးနွေးပွဲမှာတော့ ပိုတော့ နားလည်မှု ရှိလာတယ်။ အခက်အခဲတွေ ရှိပေမယ့် ဆွေးနွေးပွဲတွေ ဆက်လုပ် နိုင်တယ်။ ဒီဆွေးနွေးပွဲကို ကျနော်တို့ဘက်ကလည်း ခရစ္စမတ်မတိုင်ခင် ပြန်တွေ့ဖို့ မူအားဖြင့် ဒီဘက်ကနေ သဘောတူပါတယ်” ဟု ဦးလှမောင်ရွှေ က ပြောသည်။

MPC နှင့် NCCT ကိုယ်စားလှယ်များက နိုဝင်ဘာလ ၂၇ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် MPC ဘက်မှ အဆိုပြုလိုက်သော်လည်း NCCT ဘက်မှ အစည်းအဝေးကျင်းပရက် ပြန်လည် အကြောင်းကြားမည် ဖြစ်သည်။

ဆွေးနွေးမှုတွင် ပြီးခဲ့သည့် စက်တင်ဘာလက NCCT နှင့် UPWC တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းတွင် တစ်ဆို့ နေသောကိစ္စများကို ကြိုပြင်ဆင်ခြင်း ဖြစ်သည်ဟု ဦးလှမောင်ရွှေ က ပြောသည်။

နှစ်ဖက် သဘောတူညီမှုမရသေးသော် အချက် ၈ ချက်ရှိနေပြီး လာမည့် ရ ကြိမ်မြောက် နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည် ညှိနှိုင်းနိုင်ပါက ၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု ယူဆကြောင်း ဦးလှမောင်ရွှေ က ပြောသည်။

“လိုင်ဇာမှာ ဖြစ်တဲ့နောက် တဖက်နဲ့တဖက်ကြားထဲက ယုံကြည်မှုကို ထိုက်သင့်တလောက် ပြန်ရတယ်။ ကျနော်တို့ သတင်းအချက်အလက် အပြန်အလှန်ပြန်ပေးနိုင်တယ်။ ဦးအောင်မင်း မှာလိုက်တာက အစည်းအဝေး ကျင်းပနိုင်ဖို့၊ ဦးနိုင်ဟံသာနဲ့ ဆွေးနွေးခဲ့တဲ့အချက် ၈ ချက်တွေကို ထပ်ပြီးတော့ ဆွေးနွေးတယ်” ဟု သူက ပြောသည်။

လာမည့် ဒီဇင်ဘာလ ခရစ္စမတ်မတိုင်မီ NCCT နှင့် UPWC တို့ ပြန်လည် တွေ့ဆုံရန် MPC ဘက်မှ အဆိုပြုချက်အပေါ် NCCT အဖွဲ့ဝင်အကြား မကြာမီ ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေး၍ အစိုးရကို ပြန်လည် အကြောင်းကြားမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

“ကျနော်တို့ဘက်က အဖြေမပေးသေးဘူး။ ကျနော်တို့ထဲမှာ ပြေလည်အောင် ညှိနှိုင်းရမယ်။ လိုင်ဇာမှာ ဖြစ်တဲ့ကိစ္စအပေါ်မှာ တချို့က ခံစားချက်တွေ မကောင်းဘူး။ အဲဒါတွေ ရှိနေတော့ ကျနော်တို့ကြားမှာ ရှင်းလင်းပြီးမှ ကျနော်တို့ အဖြေပေးနိုင်မယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်က နေပြည်တော်တွင် NCCT ကိုယ်စားလှယ်အချို့နှင့် UPWC ဒုဥက္ကဌ ဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

“တပ်ပိုင်းဆိုင်ရာ လုံခြံုရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ကိစ္စကို ကျနော်တို့ဘက်က လက်မခံနိုင်တဲ့ အနေအထားအပေါ်မှာ ဟိုဘက်က ပြန်စဉ်းစား အဆိုပြုလာတာကို တတိယမူကြမ်းအဆင့်မှာ ပြန်ထားဖို့ သူတို့ဘက်က အဆိုပြုတယ်။ အဲဒါဖြစ်ရင်တော့ ကောင်းတယ်။ ဒါပေမဲ့ သူတို့ဘက်က အခိုင်အမာပြောလို့ မရသေးဘူး။ တပ်ရဲ့ သဘောထားသူတို့ဘက်က မရသေးဘူး ဖြစ်နေတယ်” ဟု နိုင်ဟံသာ က ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ ဗိုလ်သင်တန်းကျောင်းအပေါ် အစိုးရစစ်တပ်ဘက်မှ နက်လက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် ယုံကြည်မှုလျော့နည်းကာ ပြေလည်မှုပြန် ရရေးနှင့် တွေ့ဆုံဆွေးနွေးမှု ဆက်လက် လုပ်ဆောင်ရန် ကုစားနေရသည်ဟု သူက ပြောသည်။

KIA ဗိုလ်လောင်းကျောင်းသားများ သေဆုံးမှုနှင့် ပတ်သက်၍ ယနေ့ ဆွေးနွေးမှုအတွင်း ထည့်သွင်း ဆွေးနွေးမှုများရှိခဲ့သော်လည်း တစ်စုံတစ်ရာ ဆုံးဖြတ်ပေးနိုင်ခွင့် မရှိဘဲ နိုင်ငံရေးဆွေးနွေးမှုတွင် ပဋိပက္ခများ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဦးလှမောင်ရွှေ က ပြောသည်။

ဆွေးနွေးပွဲသို့ NCCT ဘက်မှ နိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွန်မော်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးထွန်းဇော်တို့ အပါအဝင် ၆ ဦးနှင့် MPC မှ ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့်၊ ဦးမင်းဇော်ဦး၊ ဦးအောင်နိုင်ဦးတို့ အပါအဝင် ၆ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့သည်။

နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းတွင် MPC ကိုယ်စားလှယ်များသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS/SSA မှ ပြောရေးဆိုခွင့်ရ စိုင်းလောဝ်ဆိုင်းနှင့် ဗိုလ်မှူးကြီး စိုင်းငင်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

Most read this week