ဘန်ကီမွန်းကို ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြ

ဘန်ကီမွန်းကို ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြ
by -
နိရဥ္စရာ

ကမ္ဘာ့ကုလသမဂ္ဂ  အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ သူ့၏  မြန်မာနိုင်ငံခရီးစဉ် အတွင်း ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂလီလူမျိုးများကို  ရိုဟင်ဂျာအဖြစ်သုံးနှုန်းခြင်းအပေါ် ကန့်ကွက် သည့် ဆန္ဒပြပွဲတစ်ခုကို နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသည်။

ဆိုင်းဘုတ်များ၊ ပိုစတာများကို ကိုယ်စီကိုင်ထားကြသော ဆန္ဒပြသူ ၂၀၀၀ နီးပါးခန့်သည် ရွှေတိဂုံ အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးတွင် စုရုံခဲ့ကြပြီး ယင်းမှတဆင့် ကျိုက္ကဆံအားကစားကွင်း အနီးရှိ ဟစ်တိုင် အထိ လမ်းလျှောက် ချီတက်က ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

PROTEST-1

ကြေးသွန်းဘုရားကြီး၌ စုရုံးကြစဉ် မြန်မာနိုင်ငံရဟန်းတော်များမှ ထုတ်ပြန်ချက်တစ်စောင်ကို ကြေးသွန်း ဘုရားကြီး သိမ်တော်ကြီးရှေ့တွင် ရဟန်းတော်တပါးက ဖတ်ကြားခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် “ ရိုဟင်ဂျာဆိုသောအသုံးအနှုန်းကိုနောက်နောင် လုံးဝအသုံးမပြုရန်နှင့် တိုင်းရင်းသားအဖြစ် တွန်းအားပေးရေးကို  လုံးဝထပ်မှန်မပြုလုပ်မိစေရန် အလေးအနက်၊ အတိအလင်း သတိပေးကန့်ကွက်လိုက်ပါကြောင်း” ဟု ပါရှိသည်။

ယင်းဆန္ဒပြပွဲတွင် “တိုင်းရင်းသား ၁၃၅ မျိုးထပ်တိုးမည့် အကြံဒို့လက်မခံ၊ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော ဘီကီမွန်းအားအလိုမရှိ၊ အစ္စလာမ်မစ် State ထူထောင်မည့်အကြံဒို့လက်မခံ၊ လူမျိုး အတု အယောင် ဖန်တီးသောင်းကျန်းသူ ဒို့ရန်သူ၊ လူမျိုးအတုအယောင် ဖန်တီးနေသူများအား ဆန့်ကျင်ကြ” စသည့် ကြွေးကြော်သံများဖြင့် လမ်းတလျှောက် ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြပွဲကိုဦးဆောင်သူထဲမှ ရဟန်းတော် တပါးကလည်း “အခုနိုင်ငံတော် သမ္မတကြီးကရော၊ ၀န်ကြီးချုပ် ကရော အားလုံးပြောပြီး သွားပြီးပြီ၊ လူမျိုး ၁၃၅ မျိုးထဲ သူတို့လူမျိုး မရှိဘူး ဆိုတာကိုလည်း ပြောပြီးပြီ၊ သူတို့ဘက်ကသာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုထိပါးလာမည်ဆိုရင် လုံးဝ ဆန့်ကျင် ကန့်ကွက် သွားရမှာပဲ” ဟု ပြောကြားသွားသည်။

ဆန္ဒပြချီတက်သူများ ဟစ်တိုင်ကွင်းအရောက်တွင် အားလုံးစုရုံးကာ အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ ဆန္ဒပြပွဲဦးဆောင်သူတစ်ချို့က၎င်းတို့၏ ဘန်ကီမွန်းအား ဆန္ဒပြရခြင်းနှင့် ပတ်သက်၍ ထုတ်ဖေါ်ပြောကြားခြင်းများကို ပြုလုပ်ခဲ့ကြသည်။

အသျှင်ဝိရသူထံမှ ပေးပို့သောထုတ်ပြန်ချက်တစ်စောင်ကိုလည်း အရှင်ဝိရသူကိုယ်စား ရဟန်းတော်တပါးက ဖတ်ကြားခဲ့သည်။

ယင်းပြင် ရခိုင်သံဃနိကာယအသင်းမှလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

“ UN ညီလာခံတွင် EU က တင်သွင်းသော ဘင်္ဂါလီများကို မြန်မာနိုင်ငံတိုင်းရင်းသားအဖြစ် အသိအမှတ်ပြု ရန် ကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေး ကော်မရှင်ကတဖက်သတ်ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းတို့သည် (နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်သော ပြဿနာ များသည် ယင်းနိုင်ငံ၏ စီရင်ပိုင်ခွင့်အတွင်းကျရောက်သည်) ဟူ၍ စာမျက်နှာ ၁၆ တွင်ရှိသော ၁၉၅၄ ခု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်များနှင့် လုံးဝ ကိုက်ညီမှု မရှိသည့် အပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ဥပဒေများကို ၀င်ရောက် စွက်ဖက်ရာ  ရောက်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရခိုင် သံဃနိကာယ အသင်းမှ လေးနက်စွာ ကန့်ကွက်ပါကြောင်း ထုတ်ပြန် ကြေငြာအပ်ပါကြောင်း” သဝဏ်လွှာတွင် ဖေါ်ပြသည်။

ဆန္ဒပြပွဲသို့ကြွရောက်လာသူ ဆရာတော် ဦးကောဝိတကလည်း “ဘန်ကီမွန်းပြောကြားခဲ့တာဟာ မှန်လည်း မမှန်ဘူး။ မြန်မာပြည်သူတွေကလည်း မထောက်ခံဘူး။ အဲဒါကြောင့် တပည့်တော်တို့က ဘန်ကီမွန်းကို ရှုတ်ချ ရခြင်းဖြစ်ပါတယ်။ အကျိုးရှိတဲ့စကားထဲမှာ မပါပါဘူး။ အဲ့ဒါကြောင့် ဘုရားတပည့်တော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါ တယ်” ဟုမိန့်ကြားသွားခဲ့သည်။

ဆန္ဒပြပွဲကိုမွန်းလွဲတစ်နာကျော်ခန့်တွင် စတင်ပြီးညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ ဆန္ဒပြပွဲကို ကြွေးကြော် သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။

Most read this week