ဆွမ်ပရာဘွမ်မြို့တွင် ရေရှားပါးနေ၊ ဝမ်းပျက်ဝမ်းလျောကြောင့် သေဆုံးမှုများရှိ

ဆွမ်ပရာဘွမ်မြို့တွင် ရေရှားပါးနေ၊ ဝမ်းပျက်ဝမ်းလျောကြောင့် သေဆုံးမှုများရှိ
ကချင်ပြည်နယ် အထက်ပိုင်း၊ ဆွမ်ပရာဘွမ်မြို့တွင် ရေရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး ဒေသခံလူထု ဝမ်းပျက်၊ ဝမ်း လျောရောဂါများဖြစ်ပွားပြီး သေဆုံးမှုများ ရှိနေသည်။ ဒေသအတွင်း ရေရှားပါးလာသဖြင့် ဆွမ်ပရာဘွမ်မြို့လူထုအား ယခင်က ရေဖြန့်ဝေပေး နေသည့် ရေလှောင် ကန် အတွင်းသို့ သိုလှောင်နိုင်ခြင်းမရှိတော့ ...

ကချင်ပြည်နယ် အထက်ပိုင်း၊ ဆွမ်ပရာဘွမ်မြို့တွင် ရေရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး ဒေသခံလူထု ဝမ်းပျက်၊ ဝမ်း လျောရောဂါများဖြစ်ပွားပြီး သေဆုံးမှုများ ရှိနေသည်။

ဒေသအတွင်း ရေရှားပါးလာသဖြင့် ဆွမ်ပရာဘွမ်မြို့လူထုအား ယခင်က ရေဖြန့်ဝေပေး နေသည့် ရေလှောင် ကန် အတွင်းသို့ သိုလှောင်နိုင်ခြင်းမရှိတော့ပေ။

စစ်တပ်၊ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို မြို့နှင့် တမိုင်ကျော်ဝေးသည့် တောင်ကျစမ်းချောင်းမှ ပိုက်ဖြင့် သွယ် တန်းကာ အလောက်အငှဖြန့်ဝေပေးသော်လည်း လူဦးရေ တစ်သောင်းကျော် ရှိသည့် ဒေသခံအရပ်သားများမူ မိုးရေကိုသာ အဓိကအားကိုးနေရသည်ဟု ဆွမ်ပရာဘွမ် မြို့ခံတဦးက ပြောသည်။

“ရေက ပြီးခဲ့တဲ့နှစ်တွေထက် ပိုပြီး ရှားသွားတယ်။ တောင်ကျချောင်းရေလည်း ခမ်းသွားပြီ။ အရင်ပေး နေတဲ့ ရေလှောင်ကန်ထဲကိုလည်း ရေဖြည့် မပေးနိုင်တော့ဘူး။ ရေပိုက်တွေလည်း သံချေးတွေတက်၊ ပေါက်ပြဲပြီး ဖြုတ်တဲ့ဟာ ဖြုတ်သိမ်းပြီးပြီ။ သူတို့ဌာနဆိုင်ရာကိုဘဲ အဓိကရေပေးပြီး ကျနော်တို့တွေက မိုးရေခံပြီး အိုးတွေဘာတွေနဲ့ လှောင်ပြီး သုံးနေရတာ။ စိမ့်ရေတို့၊ ဘာတို့ လိုက်ရှာ၊ ဖက်ပုတ်ရေတွေ သောက်နေရတော့ ဝမ်းပျက်၊ ဝမ်းလျောတွေ ဖြစ်နေကြတယ်။”

ဝမ်းပျက်၊ဝမ်းလျောကြောင့် ကလေး၊လူကြီး သုံးဦး သေဆုံးပြီး ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကြောင့် ဆေးကုသခံ ခဲ့ကြရသူ များပြားသဖြင့် ကုတင်(၅ဝ)ဆန့် ဆွမ်ပရာဘွမ် ပြည်သူ့ဆေးရုံ တွင်လည်း နေရာပင်မလုံလောက် ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“ကျန်းမာရေးပညာပေးအနေနဲ့ ဆေးရုံက ဆရာဝန်တွေ၊ ဆရာမတွေက ယင်လုံအိမ်သာကို လုံလုံခြံု ခြံုထားဖို့၊ ရေကို သုံးစွဲဖို့တို့ ပြောသွားတာဘဲ။ အိမ်သာမှာသုံးဖို့ မပြောနဲ့ ရေက သောက်ဖို့၊ ထမင်း ဟင်း ချက်ဖို့တောင် မနည်းလုပ်နေရတာ။”

ဒေသအတွင်း ရေရှားပါးမှုအတွက် ဒေသခံအာဏာပိုင်များက လျစ်လျူရှုထားကာ မပခ တိုင်းမှူးနှင့် အဆင့်မြင့် အရာရှိများ ဆွမ်ပရာဘွမ်မြို့သို့ ရောက်ရှိလာလျင် မြို့ခံရပ်မိရပ်ဖတို့က  ရေရှားပါးမှု ပြဿနာအား ကူညီဆောင် ရွက်ပေးရန် တင်ပြမှုများ မလုပ်နိုင်ရန် ဒေသခံအာဏာ ပိုင်များက ကြိုတင်ပြီး လိုက်လံတားဆီး ပိတ်ပင်ထား သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

ယင်းရေရှားပါးမှုသည် လွန်ခဲ့သည့် နွေရာသီမှ စတင်ခဲ့ခြင်းဖြစ်သည်။

Most read this week