၆ ပွင့်ဆိုင် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင် ရွေးချယ်ခံရ

၆ ပွင့်ဆိုင် တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင် ရွေးချယ်ခံရ
by -
နိရဥ္စရာ

မြန်မာနိုင်ငံရေးအား အဖြေရှာမည့် နိုင်ငံတော်သမ္မတ၊ ကာချုပ်၊ လွှတ်တော် ဥက္ကဌ ၂ ဦး၊ ဒေါ်အောင်ဆန်း စုကြည်တို့ ပါ၀င်မည့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွင် တိုင်းရင်းသားများဘက်မှ ကိုယ်စားလှယ် တစ်ဦးပါ၀င်ရ မည် ဖြစ်ရာ ယင်းနေရာကို အမျိုးသားလွှတ်တော်မှ  ရခိုင်အမျိုး သားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား မဲစနစ်ဖြင့် ရွေးချယ်လိုက်သည်ဟု သိရသည်။

ရွေးချယ်မှုကို နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တိုင်းရင်း သားပါတီ ၁၄ ခုမှ ကိုယ်စားလှယ် ၁၄ ဦးမှ မဲဖြင့် ရွှေးချယ်ရာ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာ   မဲ ၅ မဲဖြင့် ရွေးချယ်ခံခဲ့ရသည်။

dr-aye-mg1

ယခုကဲ့သို့ တိုင်းရင်းသားများ အားလုံးအတွက် တာဝန်ယူ ရွေးချယ်ခံရသဖြင့် သူ့အတွက် တာဝန် ပိုကြီးသွားသည်ဟု ရွေးချယ်ခံရခြင်းနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့  ညနေပိုင်း တွင် နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ဒေါက်တာအေးမောင်ကထိုသို့ စတင် ဖြေကြား ပြောဆို သည်။

“ကျွန်တော်တို့အခုလိုရွေးချယ်တာဟာ တိုင်းရင်းသားပါတီအားလုံးအတွက်ကိုယ်စားပြုပြီးရွေးတာဖြစ်လို့ တာဝန် ပိုကြီးသွားပါတယ်” ဟု ဆိုသည်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီများအားလုံး၏ဆန္ဒနှင့်အညီ လိုလားချက် များ၊ ဆွေးနွေးစေလိုသည့် အချက်များကို အမျိုးအစားအလိုက်ခွဲပြီး အဓိက အချက် ၃ ခုကိုတင်ပြဆွေးနွေးသွားမည်ဖြစ်ဟု ဒေါက်တာ အေးမောင်က ဆက်ပြောသည်။

“ ပထမအချက်အနေနဲ့ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ရန်၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်း ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်လိုလားနေသည့်အချက်များကို ဦးစားပေး ဆွေးနွေးဖို့ စဉ်းစားထားပြီး၊ ဒုတိယ အချက်ကတော့  ၂ဝဝ၈ ဖွဲ့ စည်းပုံထဲက  တစ်နိုင်ငံလုံးက ပြုပြင်ပြောင်းလဲလိုတဲ့ ပုဒ်မ ၄၃၆ ကဲ့သို့သော အခြား ပုဒ်မများ အားလုံးအပေါ် တိုင်းရင်းသား ပါတီများရဲ့ သဘောထားနဲ့ ကိုက်ညီတဲ့ အယူအဆများကို တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

နောက်ဆုံးအချက်အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲအလွန်တွင်ဖြစ်ပေါ်လာမည့် အစိုးရသစ်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းထားနိုင်အောင် တိုင်းရင်းသားပါတီများက မည်သို့ပံ့ပိုးပေးသင့်သည်ဆို သည့်အချက်ကို ဆွေးနွေးသွားရန် စဉ်းစားထားကြောင်းလည်း ဒေါက်တာအေးမောင်က ဆက်လက် ပြော ဆိုသည်။

“ဒီသုံးချက်ကို အဓိက ကိုယ့်ကဏ္ဍနဲ့ ကိုယ်ခွဲပြီး တင်ပြသွားဖို့စဉ်းစားထားပါတယ်”ဟု ယင်းက ဆက်ပြောသည်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားပါတီများထဲမှ ကိုယ်စားလှယ်တစ်ဦးကိုရွေးချယ်နိုင်ရန် အတွက် နိုဝင် ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်းနှင့် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေး မှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ််တော် နာယက သူရရွှေမန်းက ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးခြင်း၏ အဓိကရည်မှန်းချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်ရန်ရည်ရွယ်ပြီး ယင်းဥပဒေကိုပြင် ဆင်ရန် ပြည်ထောင်စု လွှတ်တော်တွင်သာဆွေးနွေးနေကြမည် ဖြစ်သည် အတွက် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်ပြင်ပမှကိုယ်စား လှယ်များပါဝင်ရန် မလိုဘဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်သာဖြစ်ရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေါက်တာအေး မောင်၏ပြောပြချက်အရ သိရသည်။

“ ၆ ပွင့်ဆိုင််တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆိုတာ သိပ်သဘာဝမကျပါ ဘူး။ ကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေအလိုက် တစ်ဦးစီပါဝင်နိုင်ဖို့ကို စီစဉ်ပေးသင့်ပါတယ်” ဟု ၆ ပွင့်ဆိုင်ဆွေးနွေးရာတွင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာ ပါ၀င်ခွင့်ပြုခြင်း အပေါ် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌက မီဒီယာများသို့ ပြောဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်ရန် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ပြည်ထောင်စုလွှတ်တော် နာယက) သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တို့ပါ၀င်သည့် ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

သို့သော် ယင်းတွေ့ဆုံဆွေးနွေးမှုမှာ လတ်တလောတွင် ဖြစ်နိုင်ဖွယ်မရှိသေးကြောင်း သမ္မတ၏ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က မီဒီယာများသို့ပြောကြားထားသည်။

Most read this week