ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုအကြို ဂီတပွဲတော် စစ်တွေတွင် ကျင်းပမည်

ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုအကြို ဂီတပွဲတော် စစ်တွေတွင် ကျင်းပမည်
by -
နိရဥ္စရာ

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် နှစ် (၄၀) မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ရခိုင့်ဂီတပွဲတော် တစ်ခုကို စစ်တွေတွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင် ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ရခိုင့်ဂီတအနုပညာရှင်များ ဖြင့်ပြုလုပ်မည့်အဆိုပါဂီတပွဲတော်ကို ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုကကြီးမှူး ကျင်းပသွားမည်ဖြစ်သည်ဟု အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုကျော်စိန်သန်းက နိရဥ္စရာသို့ ပြောသည်။

DSCN8063

“ဒီပွဲကြီးက ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုတဲ့အပြင် ကျွန်တော်တို့အင်အားစုအနေနဲ့ နိုင်ငံရေးလုပ်ရှားမှုလုပ်ဖို့ ရန်ပုံငွေလိုတယ်။ ရခိုင်ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းထဲက အရင်အဆက်ဆက်နိုင်ငံရေးသမား လူကြီး၊ ငယ်၊ လူလတ်တွေစုပြီးတော့ မြောက်ဦးမှာ နိုင်ငံရေးညီလာခံတစ်ခုကျင်းပဖို့လည်း ရှိတယ်။ ဒါတွေဖြစ်မြောက်ဖို့ အတွက် ရန်ပုံငွေရှာဖွေတဲ့ သဘောပါ”ဟု ယင်းက ပြောသည်။

အဆိုပါဂီတပွဲဲတော်တွင် ရခိုင့်ဂီတအနုပညာရှင်များဖြစ်ကြသော ဦးမောင်သိန်း၊ ဝင်းကိုခိုင်၊ ကိုခိုင်ဇော်၊ တူတူ၊ ဒိုးအ်ရီ၊ ညီမင်းခိုင်၊ ရဲလင်းအောင်၊ စစ်ငြိမ်းနိုင်၊ ညှာစိမ်းခိုင်၊ စောနှင်းနွယ်၊ ရီလှိုင်းပြာ၊ ဝတီစိုးမိုးနှင့် ငြိမ်းစန္ဒာ တို့က ပါဝင် သီဆို ဖြေဖျော်သွားကြမည်ဖြစ်သည်။

ယခုလ ၂၈ ရက်နှင့် ၂၉ ရက် နှစ်ရက်တိုင်တိုင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြုလုပ်သွား မည်ဖြစ်ကြောင်း ဦးကျော်စိန်သန်းက ဆိုသည်။

ယင်းဖြေဖျော်အတွက် လက်မှတ်တစ်စောင်လျှင် တစ်သောင်းခွဲ၊ တစ်သောင်းကျပ်နှင့် ၅ ထောင်ကျပ်ဖြင့် ၃ မျိုးခွဲခြားရောင်းချလျက်ရှိကြောင်း သိရသည်။

ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုအဖွဲ့ကို ရခိုင်ပြည်အကျိုးအတွက် တတတ်တအား ပါဝင်လုပ်ဆောင်သွား ရန်ရည်ရွယ်၍ ရခိုင့်မျိုးဆက်သစ်နိုင်ငံရေး တက်ကြွလှုပ်ရှားသည့်လူငယ်ပိုင်းများဖြင့် ယခုနှစ်၊ စက်တင်ဘာလ အတွင်းက စစ်တွေတွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Most read this week