တာတမံများ မဆည်ဖို့ရာမှ မြောက်ဦးနယ်တွင် စပါးစိုက်ခင်းများပျက်စီး

တာတမံများ မဆည်ဖို့ရာမှ မြောက်ဦးနယ်တွင် စပါးစိုက်ခင်းများပျက်စီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၏ စပါးကျီဟု တင်စားခေါ်ဝေါ်ရသော စပါးအများဆုံးထွက်ရာ မြောက်ဦးမြို့နယ်တွင် တာတမံများကို လုံအောင် မဆည်နိုင်ရာမှ ဆားငံရေများဝင်ရောက်ကာ လယ်ဧက ရာနှင့်ချီပြီး ပျက်စီးသွားခဲ့သည်ဟု သတင်း ရရှိသည်။

စုစုပေါင်း လယ်သမား၂၃ ဦးပိုင်ဆိုင်သော လယ်ဧက ၂၀၀ နီးပါးခန့်မှာ စပါးများ အသီး လုံးဝ မသီးဘဲ ပျက်စီးသွားခဲ့သည်ဟု မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည်။

စပါးခင်းဝင်းဝါနေသော်လည်း အသီးမသီးဘဲ ပျက်စီးခဲ့ရသည်။ (ဓါတ်ပုံ- နိရဥ္စရာ)

“လယ်ဧက ၂၀၀ နီးပါးခန့်ပျက်စီးသွားပါတယ်။ လယ်သမားတွေကတော့ နတ်ချောင်းရွာဟောင်းက ၆ ဦး၊ နတ်ချောင်းရွာသစ်က ၁၁ ဦးနဲ့ ဂျင်ချေရွာက ၆ ဦးတို့ ဖြစ်ကြပါတယ်။ စပါးတွေက လုံးဝ မသီးဘဲ ပျက်စီးသွားတာပါ” ဟု ယင်းက ဆိုသည်။

နတ်ချောင်းတိုက်နယ် ဒေသခံများ အနေဖြင့် ကုလားပုန်းဆည်ရေကို အားကိုးရကြရကြောင်း၊ ကုလားပုန်းတာတမံကို ဆည်မြောင်းဦးစီးဌာမှ လုံအောင် မဆည်ဖို့ရာမှ ဆားငံရေများ ၀င်ရောက်လာပြီး ပျက်စီးသွားသည်ဟု ဆိုသည်။

ယခုနှစ် မိုးနှောင်းပိုင်းတွင် ရခိုင်ပြည်နယ် အနှံ့အပြားတွင် မိုးခေါင်ခဲ့ရာမှ ဆားငံရေဝင်သော လယ်မြေများမှာ ပိုမို အပျက်အစီး များသွားခဲ့သည်ဟု တစ်ခြား လယ်သမား တစ်ဦးကဆိုသည်။

“ ခါတိုင်းနှစ်တွေက ဆားငံရေ ၀င်ပေမယ့် မိုးနှောင်းပိုင်း မိုးကောင်းတော့ ရေချိုရပြီး စပါးတွေ မပျက်စီးဘူး။ ဒီနှစ်ကတော့ ဆားငံရေတွေလည်း အများကြီးဝင်တယ်။ စပါးသီးချိန်မှာ မိုးလည်း မရွာတော့ စပါးအဖူးတွေက အသီးမသီးဘဲ ပျက်စီးသွားပါတယ်” ဟု ၎င်းက ဆက်ဆိုသည်။

မြောက်ဦးမြို့နယ် ကုလားပုန်းကို တာတမံကို ဆည်ဖို့ရန် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြထားကြောင်း၊ ၂၀၁၅-၂၀၁၆ ဘတ်ဂျက်တွင် ဆည်ဖို့မည်ဟု သိရကြောင်း ရွာသားများက ဆိုသည်။

ယခုကဲ့သို့ လယ်ဧက ၂၀၀ နီးပါး ပျက်စီးသွားခြင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးကို ကျေးရွာသားများက လက်မှတ်ထိုး တင်ပြ အစီရင်ခံသွားမည်ဟု ကျေးရွာသားများ က ပြောဆိုသည်။

Most read this week