ကျဆုံးသွားသည့် ဗိုလ်လောင်းများအားရည်စူး၍ ရခိုင်မြို့ ၄ မြို့တွင် ဆုတောင်းပွဲပြုလုပ်

ကျဆုံးသွားသည့် ဗိုလ်လောင်းများအားရည်စူး၍ ရခိုင်မြို့ ၄ မြို့တွင် ဆုတောင်းပွဲပြုလုပ်
by -
နိရဥ္စရာ

နိုဝင်ဘာလ ၁၉ ရက်နေ့က  မြန်မာ့တပ်မတော်တပ်စခန်းတစ်ခုက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးသွားသည့်ဗိုလ် လောင်း (၂၃) ဦးအားရည်စူး၍ ရခိုင်ပြည်နယ်ရှိမြို့ ၄ မြို့တွင် နိုဝင်ဘာလ ၂၆ရက်နေ့က ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။

မြို့အသီးသီးရှိရခိုင်လူမှုကွန်ရက်အဖွဲ့များကဦးဆောင်ပြုလုပ်ခဲ့သည့် အဆိုပါဆုတောင်းပွဲများ ကို စစ်တွေနှင့်ပေါက်တောမြို့တို့တွင် နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး ပုဏ္ဏားကျွန်းနှင့်မြောက်ဦးမြို့ တို့တွင် နေ့လယ်ပိုင်းမှ စတင်ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

Martyr-honored-in-Sittwe

ဆုတောင်းပွဲသို့ ရဟန်းသံဃာတော်များအပါအဝင် ကျဆုံးသွားသည့် ရခိုင်တိုင်းရင်းသား ဗိုလ်လောင်းများ၏ မိသားစုဝင်များ၊ ရခိုင်အမျိုးသားပါတီမှတာဝန်ရှိသူများ၊ လူမှုအဖွဲဲ့အစည်း အသီးသီးမှ လူပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူ များတက်ရောက်ခဲ့ကြသည်။

စစ်တွေတွင်ပြုလုပ်ခဲ့သည့်ဆုတောင်းပွဲသို့တက်ရောက်လာသော မင်းပြားမြို့မှကျဆုံးသွားသည့် အသက် ၂၁နှစ် အရွယ်ရှိ ဗိုလ်လောင်းကျော်ခန့်၏ မိသားစုဝင်တစ်ဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ်ရှိ

ဦးသန်းက  ယခုကျဆုံးသွားသည့် ဗိုလ်လောင်းများနှင့် ပတ်သက်ပြီး သူ၏အမြင်ကို ယခုလိုပြောသည်။

“မတော်မတရားကျဆုံးသွားရတယ်၊ သဘောကတော့ သူတို့ဟာ သူသေကိုယ်သေတိုက်ပြီး တိုက်ပွဲမှာ ကျဆုံးသွားတာ မဟုတ်တဲ့ အတွက် မတရားကျဆုံးသွားရတယ်လို့ဘဲ အောက်မေ့မိပါတယ်။ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲ ရပါတယ်” ဟု နိရဥ္စရာ သတင်းဌာန၏ သီးသန့်မေးမြန်းမှုကို သူက ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်တပ်စခန်းက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကချင်အခြေစိုက် KIA ဗိုလ်သင်တန်း ကျောင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အဆိုပါကျောင်းတွင် တက်ရောက် သင်ကြား နေသော ပလောင်(ခေါ်) တအောင်း အဖွဲ့မှ ၁၁ ဦး၊ ရက္ခိုင့်တပ်မတော်မှ ၈ ဦး၊ ABSDF မှ ၂ ဦးနှင့် ချင်းတပ်ဖွဲ့မှ ၂ ဦး၊ စုစုပေါင်း သင်တန်းသားဗိုလ်လောင်း ၂၃ ဦးကျဆုံးသွားခဲ့ပြီး ၂ဝ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦးတွင် စစ်တွေမှ ၃ ဦး၊ မင်းပြားမှ ၂ ဦး၊ ပေါက်တောမှ ၁ ဦး၊ ကျောက်ဖြူမှ ၁ ဦးနှင့် ကျောက်တော်မှ ၁ ဦးတို့ပါဝင်ပြီး ထိခိုက်ဒဏ်ရာ ၅ ဦးရရှိခဲ့သည်။

ကျဆုံးသွားသည့်ဗိုလ်လောင်းများတွင် ပုဏ္ဏားကျွန်းမှပါဝင်မှုမရှိခဲ့သော်လည်း ဗိုလ်လောင်း အာဇာနည်များ၏ မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းမိသည့်အတွက်ဟုဆိုကာ ပုဏ္ဏားကျွန်း မြို့ခံများက ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဧစေတီတွင် နိုဝင်ဘာလ ၂၆ရက်နေ့မွန်းလွဲ ၁၂ နာရီက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း မြို့ခံ ဦးစံရွှေကျော်က ဆိုသည်။

ဆုတောင်းပွဲများသို့တက်ရောက်လာသူများမှာ အနက်ရောင် အဝတ်အစားများကို ဝတ်ဆင်ခဲ့ ကြပြီး ကျဆုံးသွားသည့် ဗိုုလ်လောင်းများ၏ဓာတ်ပုံများရှေ့တွင် ကျဆုံးသွားသည့် ဗိုလ်လောင်းများအတွက် ဝမ်းနည်း ကြောင်း လွမ်းသူ့ပန်းခွေများချခဲ့ကြသည်။

ယင်းအပြင် တပ်မတော်က ယခုကဲ့သို့ပစ်ခတ်ခဲ့မှုအပေါ် ရှုတ်ချကြောင်းရေးသားထားသည့် ရက္ခိုင့် တပ်မတော် (AA)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ရခိုင်အမျိုးသားပါတီ(ANP)တို့၏သဘောထား ကြေညာချက်များနှင့် ရခိုင်လူမှု အဖွဲ့အစည်းများသဘောထားကြေညာချက်များကို လည်း အခမ်းအနားတွင်ဖတ်ကြားခဲ့ကြသည်။

စစ်တွေတွင်ပြုလုပ်သောဆုတောင်းပွဲမှရရှိလာသည့်သတင်းများအရ အဆိုပါ ထိခိုက် ဒဏ်ရာ ရရှိသူ ရခို်င်တိုင်းရင်းသားဗိုလ်လောင်း ၅ ဦးထဲမှ နောက်ထပ် ဗိုလ်လောင်းတစ်ဦး ကျဆုံး သွားပြီဖြစ်ကြောင်း သိခဲ့ရသော်လည်း နိရဥ္စရာသတင်းဌာနက သီးခြားအတည်ပြု၍ မရခဲ့ပါ။

Most read this week