ဘန်ကီမွန်းကို ဘူးသီးတောင်တွင် ဆန္ဒပြ

ဘန်ကီမွန်းကို ဘူးသီးတောင်တွင် ဆန္ဒပြ
by -
နိရဥ္စရာ

နေပြည်တော် သတင်းစာရှင််းလင်းပွဲတွင် ဘင်္ဂါလီကို ရိုဟင်ဂျာဟုသုံးစွဲခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အား ရခို်င်ပြည်နယ် ဘူးသီးတောင်မြို့တွင် နိုဝင်ဘာလ ၂၄ရက်နေ့က ထပ်မံ ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲကို နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် စတင်ခဲ့သည်ဟု သိရသည်။

BUTHIDAUG-PROTECTION

ဆန္ဒပြသူများသည် ဘူးသီးတောင်မြို့၊ ၆ ရပ်ကွက်ရှိ ဧစေတီဘုရားအနီးမှ မင်းဘာကြီးလမ်း၊ တရားရုံးခွဆုံ၊ ဗိုလ်ချုပ်လမ်း၊ ဓညဝတီလမ်း၊ ဝိမလလမ်းတို့အတိုင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ ဘူးသီးတောင်မြို့ခံ ဦးအဖြူမောင်က ပြောသည်။

“ဆန္ဒပြရာမှာ လူထုအင်အား ၃ဝဝဝ ကျော်လောက်ပါဝင်ပါတယ်။ ညနေ ၂ နာရီမှာ ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံး ခဲ့ပါတယ်”ဟု ယင်းက ဆိုသည်။

ယင်းသို့ဆန္ဒပြရာတွင် “ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင်လုံးဝမရှိ”၊ “သမိုင်းလိမ်ညာ ရိုဟင်ဂျာ”၊ ရိုဟင်ဂျာဟု ပြောဆိုသူ တို့ရန်သူ”၊ “UN အကြီးအကဲ ဘန်ကီမွန်း မြန်မာပြည်ကိုတောင်းပန်ပါ”၊ “ပြည်တွင်းရေးကို စွက်ဖက်သူ တို့ရန်သူ”၊ “UN, INGO အလိုမရှိ”၊ “ဘန်ကီမွန်းကို ပြည်ထောင်စု အစိုးရက ကန့်ကွက် ရှုတ်ချ” စသည့် စာသားများကို ဆန္ဒပြသူများက ကြွေးကြော်ကာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သော ဦးအောင်သောင်းရွှေက “ UN, INGO အဖွဲ့တွေရဲ့ အကြီးအကဲ တစ်ဦးဖြစ်ပါလျှက် ဒီခေါင်းစဉ်နဲ့ပဲ လုပ်ဆောင်မယ်ဆိုယင် လက်ရှိထောက်ပံ့ ကူညီပေးရေး လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးဟာ ဘင်္ဂလီအုပ်စုကိုသာ ဦးတည်နေတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကို ECC အဖွဲ့အနေနဲ့ ကြပ်ကြပ်မတ်မတ် စီစစ်သင့်တယ်။ ECC ရဲ့ လုပ်ဆောင်ချက်ကိုလည်း အားမရလို့ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်။ လိုအပ်ရင် ပြင်ဆင်ဖွဲ့စည်းဖို့လည်း တိုက်တွန်းပါတယ်။ ဗန်ကီမွန်း အနေနဲ့ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ခံနိုင်ဖို့လိုပါ တယ်။ မြန်မာပြည်ကို ပြန်တောင်းပန်ဖို့ လိုတယ်။ ဒါကိုလည်း အစိုးရက တရားဝင်ကန့်ကွက်တောင်းဆိုဖို့ တိုက်တွန်းတယ်။ အဓိကကတော့ ဒီအချက်တွေကို သိစေချင်လို့ ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ပါတယ်။ ထုတ်ပြန်တောင်းဆိုတဲ့ စာကိုလည်း UNHCR ရုံးမှာ ပေးခဲ့ပါတယ်” ဟု ရှင်းပြပါသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ပြောဆိုသုံးစွဲခဲ့သည့်အပေါ် ကန့်ကွက် ရှုတ်ချသည့်အနေဖြင့် ယခုကဲ့သို့ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြဦးဆောင်သူများက ပြောသည်။

“ဘန်ကီမွန်းဟာ UN ရဲ့အကြီးအကဲတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့လူ့အခွင့်အရေး ဆောင်ရွက်မှု ကို လေးစား ပါတယ်။ ဒါပေမယ့် သူ့ရဲ့လူ့အခွင့်အရေးဆောင်ရွက်က တစ်ဘက်စွန်းရောက်သွားတယ် လို့မြင်တယ်။ လူ့အခွင့်ရေး ပြောပြီး ဒေသခံဌာနေရခိုင်တိုင်းရင်းသားတွေကို လျစ်လျူရှုထားတာဟာ သူ့ရဲ့မဟာအမှားပဲ။

ဒါ့ကြောင့် ကျနော်တို့ အခုလိုဆန္ဒပြရတာ”ဟု ဆန္ဒပြဦးဆောင်သူ ဘူးသီးတောင် မြို့ခံ ဦးထွန်းအောင်သိန်းက နိရဥ္စရာသို့ပြောသည်။

ဘူးသီးတောင်တွင် ယခုကဲ့သို့ဆန္ဒပြအပြီး မြို့လူထု၏သဘောထားကြေညာချက်တစ်စောင်ကို လည်း မြို့တွင်းရှိ UNHCR ရုံးသို့ ပေးပို့ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်မရှိသည့်လူမျိုးတစ်မျိုး၏အမည်ကို မြန်မာနိုင်ငံသို့လာပြီးထုတ်ဖော်ပြောကြားခဲ့ သည့် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို နိုဝင်ဘာ ၂၃ ရက်နေ့က လည်း ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေအပါအဝင် ကျောက်တော်၊ ပေါက်တော၊ မင်းပြားနှင့် မောင်တာမြို့များတွင် တစ်ပြိုင်တည်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

Most read this week