ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာတည်ဆောက်ရေးအဆို ရခိုင်လွှတ်တော်တွင် မှတ်တမ်းတင်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာတည်ဆောက်ရေးအဆို ရခိုင်လွှတ်တော်တွင် မှတ်တမ်းတင်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ
by -
နိရဥ္စရာ

ကျေးလက်တောရွာများတွင် တာဝန်ကျနေသော ဆရာ/ ဆရာမများအနေဖြင့် ၀န်ထမ်းအိမ်ရာမရှိ၍ တည်းခိုနေထိုင်ရန် အခက်အခဲများကြံုတွေ့နေရသဖြင့် မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ ရခိုင်ပြည်နယ် လွှတ်တော်တွင် ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာများဆောက်လုပ်ပေးရန်  အဆိုတင်သွင်းရာ အဆိုမှာ မအောင်မြင်ဘဲ မှတ်တမ်းတင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်ဟု သိရသည်။

မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ ကျင်းပနေဆဲဖြစ်သော ရခိုင်ပြည်နယ် လွှတ်တော်တွင် ယခုလ ၂၀ နေ့က “ ကျေးလက်ဒေသများမှာ တာဝန်ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ အတွက် နေထိုင်မည့် အဆောင်များကို ပြည်နယ် အစိုးရရန်ပုံငွေမှ ကူညီဆောင်ရွက် တည်ဆောက် ပေးပါရန် ရခိုင်ပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့သည်။

ဒီကလေးတွေ ပညာရေးကောင်းဖို့ ဆရာ/ဆရာမတွေ စိတ်ချမ်းသာဖို့လိုပါတယ်။ (ဓါတ်ပုံ- နိရဥ္စရာ)

“ကျေးလက် ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ/ဆရာမတွေဟာ နေထိုင်တည်းခိုမယ့် အဆောင်တွေ မရှိတဲ့ အတွက် အခက်အခဲတွေအများကြီးနဲ့ ဒုက္ခ ကြံုတွေ့နေကြရပါတယ်။ ရခိုင်ပြည်နယ် ပညာရေးကို အမှန်တကယ် တိုးမြှင့်လိုတယ်ဆိုရင် ဆရာဆရာမတွေ စိတ်ချမ်းသာသာနဲ့ နေထိုင်နိုင်ဖို့ အဆောင်တွေကို ပြည်နယ် အစိုးရရံပုံငွေထဲမှ ထည့်သုံးရင် မရနိုင်ဘူးလားဆိုပြီး ကျွန်တော်က တင်ပြပါတယ်။ ဒါပေမယ့် ပြည်နယ် လူမှုရေး ၀န်ကြီး ဦးအောင်ကျော်မင်းက ဒီလို အဆောက်အဦးတွေဆောက်ဖို့ ပြည်နယ် အစိုးရမှာ ဘတ်ဂျက် မလုံလောက်ဘူး။ ငွေကြေး မရှိဘူးဆိုပြီး အဆိုကို ပြန်လည် သုံးသပ်ဆင်ခြင်ဖို့ ပြန်လည် ပြောဆိုပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများ အနေဖြင့် သူတို့ တည်းခို နေထိုင်ရန် အဆောင်များ မရှိ၍ ဒေသခံ ကျေးရွာသားများ၏ နေအိမ်များတွင် နေထိုင်ကြရသဖြင့် မလိုလားအပ်သော လူမှုရေး ပြသနာများနှင့်လည်း ရင်ဆိုင်ကြံုတွေ့နေရသည်ဟု သူက ဆိုသည်။

“ ကျေးလက်ဒေသတွေမှာ ဆရာ/ ဆရာမတွေ အတွက် အမှန်တကယ် ပြသနာ တက်နေတာက ဒီကိစ္စဘဲ။ ကျေးလက် တောရွာတွေကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတဲ့ အခါ ဆရာ ဆရာမတွေအနေနဲ့ ၀န်ထမ်းအိမ်ရာ မရှိတဲ့အတွက် ကျေးရွာတွေက အိမ်တွေမှာ တည်းခိုနေထိုင်ကြရတယ်။ အဲသလို နေထိုင်ရတဲ့အခါ မိသားစုပြသနာ၊ လူမှုရေး ပြသနာတွေဟာ ဆရာ/ဆရာမတွေအပေါ်မှာ ရိုက်ခတ်မူရှိတယ်။ ဒါဟာ ဆရာ ဆရာမတွေအတွက် အဓိက ဒုက္ခပါဘဲ။ ဒါကြောင့် အဆောင်တွေ ဆောက်ပေးဖို့ တင်ပြရတာ ဖြစ်ပါတယ်” ဟု ဦးအောင်ဝင်းက ဆက်ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဆရာ/ဆရာမများအတွက် အဆောင်များ ဆောက်လုပ်ပေးလိုသော်လည်း ဘတ်ဂျက် မရှိသဖြင့် ငြင်းပယ်ရခြင်း ဖြစ်ကြောင်း ပြည်နယ်လူမှုရေး ၀န်ကြီး ဦးအောင်ကျော်မင်းက နိရဥ္စရာသို့ ပြောဆိုသည်။

“ ကျန်းမာရေးနဲ့ပညာရေး ဘတ်ဂျက်ကို ပြည်ထောင်စုအစိုးရ တိုက်ရိုက်စီမံခန့်ခွဲတယ်။ ပြည်နယ် အစိုးရ ဘတ်ဂျက်ထဲမှာ ဒီလိုသုံးဖို့လည်း ချပေးထားတာ မရှိဘူး။ အဲဒီဘတ်ဂျက်တွေ အထဲမှာ  ဆရာ/ ဆရာမတွေ နေထိုင်ဖို့ အဆောင်တွေထက် အရေးကြီးတဲ့ ကျောင်းတွေကို ပြန်ဆောက်နေရတယ်။ ပြုပြင်မွန်းမံတာတွေ ပြုလုပ်နေရတယ်။ ဒါကြောင့် ဒီအဆိုကို ပြန်ရုတ်သိမ်းဖို့ ပြောဆိုရတာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ဆိုသည်။

ယခုအခါ ရခိုင်ပြည်နယ် အတွင်း ကျောင်းသစ်များ တည်ဆောက်ခြင်း၊ ပြိုပျက်နေသော ကျောင်းဟောင်းများကို ပြန်လည် ပြုပြင်ခြင်း၊ လိုအပ်နေသော ကျောင်းသုံး ပရိဘောဂများကို ဖြည့်ဆည်းခြင်း၊ အိမ်သာများ တည်ဆောက်ခြင်းတို့ကို ဦးစားပေးအဆင့်ဖြင့် ပြည်နယ် အစိုးရက ဆောင်ရွက် နေကြောင်း ၀န်ကြီးကဆိုသည်။

“ နောက်တော့ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ အခုကျွန်တော်တို့ ပြောတာက ကျောင်းဟောင်းတွေကို ဖြိုဖျက်လိုက််တဲ့ အတွက် ထွက်ကျလာတဲ့ သစ်တွေ၊ သွပ်ပြားတွေနဲ့ ဆရာ ဆရာမတွေ အတွက် အဆောင်တွေ ဆောက်လို့ မရဘူးလား။ အဲသလို ဆောက်မယ်ဆိုရင် ရွာသားတွေဆီကလည်း ကျခံ၊ ပြည်နယ် အစိုးရက ကုန်ကျစရိတ် ကျခံမယ်ဆိုရင် မဖြစ်နိုင်ဘူးလားလို့ ဆွေးနွေးတာတို့ရှိပါတယ်။ လုံးဝ ဆောက်ပေးမယ်လို့ အာမခံလိုက်ရင် အားလုံးက တောင်းလာရင် ပြသနာ ကြံုရနိုင်ပါတယ်” ဟု ပြောသည်။

ယင်းပြင် ရခိုင်ပြည်နယ် အတွက် ပြည်ထောင်စု အစိုးရက ကျပ်ငွေ (၁၅) ဘီလျံ အပိုဘတ်ဂျက်ချပေးထားရာ ယင်းငွေဖြင့် ရေတွင်းရေကန်များနှင့် လမ်းတံတားတည်ဆောက်ရေးကို ပြည်ထောင်စု အစိုးရမှ ညွှန်ကြားချက်နှင့် အညီ ဦးစားပေး တည်ဆောက်နေကြောင်း၊ ပညာရေးအတွက် ဘတ်ဂျက်ငွေမှာ ပြည်နယ် အစိုးရသို့ ခွင့်ပြုထားပြီ ဖြစ်သဖြင့် ယခု ချပေးသော (၁၅) ဘီလျံမှ ငွေဖြင့် ပညာရေး ကဏ္ဍအတွက် သုံးစွဲ၍ မရနိုင်ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။

ပေါက်တောမြို့နယ် ကျေးရွာ တစ်ခုတွင် တာဝန် ထမ်းဆောင်နေသော ဆရာမ နွယ်ကလည်း ဆရာ ဆရာမများအတွက် နေအိမ်အဆောင်များ မရှိသဖြင့် အခက်တွေ့နေရပုံကို ယခုလို ပြောဆိုသည်။

“ ဆရာ ဆရာမတွေအတွက် ရွာတွေမှာ ၀န်ထမ်းအိမ်ရာတွေ မရှိတဲ့ အတွက် အထူးအခက်အခဲရှိပါတယ်။ နယ်မှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမတွေအတွက် အဓိက အခက်အခဲက ဆရာ/ ဆရာမတွေအတွက် အဆောင်မရှိတဲ့ ပြသနာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆရာမတွေအနေနဲ့ တစ်ခြားမိသားစုတွေနဲ့ ရောနှောနေထိုင်ရတဲ့ အတွက် အထူး ဒုက္ခရောက်ကြရပါတယ်။ နောက်လာမယ့် နှစ်မှာလည်း ဘယ်မှာ တည်းခိုနေထိုင်ရမယ်ဆိုတာတောင် မသိရသေးပါဘူး” ဟု ဆိုသည်။

ပေါက်တောမြို့နယ် ကံဆိပ်ကျေးရွာမှ အမည် မဖေါ်လိုသူ ဆရာတစ်ဦးမှလည်း ဒေသခံ ကျေးရွာသားများ၏ အိမ်တွင်နေထိုင်ရသဖြင့် ကျောင်းသင်ခန်းစာများကို ကြိုတင် မလုပ်နိုင်ခြင်း၊ အိမ်ငယ်၍ ကျောင်းသားကျောင်းသူများကို အခါအားလျော်စွာ စာသင်ပြရန် ခက်ခဲခြင်း၊ ကျောင်းသား ကျောင်းသူများနှင့် နွေးနွေးထွေထွေး မနေနိုင်ခြင်း၊ ရေချိုး၊ အိမ်သာတက်ရာမှ အစ အခက်အခဲမျိုးစုံနှင့် ကြံုတွေ့နေရသဖြင့် ဆရာ/ ဆရာမများအတွက် အစိုးရမှ  အဆောင်များ သီးသန့် ဆောက်လုပ်ပေးနိုင်ပါက အထူးသင့်တော်ကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြားသည်။

Most read this week