မုတ်သုန်မိုး ရခိုင်ကို စတင်ဝင်ရောက် မောင်တောတွင် စံချိန်တင်လောက်အောင် မိုးအကြီးအကျယ် ရွာသွန်း

မုတ်သုန်မိုး ရခိုင်ကို စတင်ဝင်ရောက် မောင်တောတွင် စံချိန်တင်လောက်အောင် မိုးအကြီးအကျယ် ရွာသွန်း
ရခိုင်ပြည်နယ်သို့ မုတ်သုန်မိုး လွန်ခဲ့သော ရက်အနည်းငယ်က စတင် ဝင်ရောက်ခဲ့ပြီး ယမန်နေ့က ရခိုင်ပြည်နယ် နေရာအနှံ့ အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ သည်။ မောင်တောမြို့တွင် မိုးရေချိန်လက်မ ၁ဝ ဒသမ ၆၃ ထိ ရွာသွန်းခဲ့သဖြင့် လမ်းပေါ်တွင် လူသွား လူလာများ ရပ်ဆိုင်း ...

ရခိုင်ပြည်နယ်သို့ မုတ်သုန်မိုး လွန်ခဲ့သော ရက်အနည်းငယ်က စတင် ဝင်ရောက်ခဲ့ပြီး ယမန်နေ့က ရခိုင်ပြည်နယ် နေရာအနှံ့ အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ သည်။

မောင်တောမြို့တွင် မိုးရေချိန်လက်မ ၁ဝ ဒသမ ၆၃ ထိ ရွာသွန်းခဲ့သဖြင့် လမ်းပေါ်တွင် လူသွား လူလာများ ရပ်ဆိုင်းသွားခဲ့ပြီး နေရာ အတော်တော်များကို မိုးရေများက ဖုံးလွှမ်းသွားခဲ့သည်။

မောင်တောမြို့မှ ကုန်သည် တဦးက “မိုး အရမ်းရွာနေတဲ့ အတွက် ဖုံးဆက်ရတာလည်း အဆင်မပြေ ဖြစ်နေပါတယ်။ ဘူးသီးတောင်-မောင်တော ကားလမ်းလည်း မိုးသည်းထန်စွာ ရွာနေတဲ့အတွက် မနေ့က သုံးနေရာမှာ လမ်းကျိုးသွားခဲ့ပါတယ်။ ကားလမ်း ကျိုးသွားတဲ့ အတွက် ကားကြီးတွေက သွားလာလို့ မရဖြစ်နေပါတယ်။ ကားအသေးလေးတွေတော့ လျှောက်ပတ် မောင်းပြီး သွားနေကြ ရပါတယ်” ဟု ပြောသည်။

မောင်တောတွင်သာမက စစ်တွေတွင်လည်း ယခုနှစ်အတွင်း လွန်ခဲ့သော နှစ်ရက်ခန့်က စတင်ပြီး မိုးရွာသွန်းခဲ့ရာ ယမန်နေ့က မိုးရေချိန် ၉ ဒသမ ၉၆ လက်မထိ ရွာသွန်းခဲ့သည်။

စစ်တွေ မြို့မှ ကျောင်းသူ တဦးကလည်း “မိုးက စပြီး ရွာနေပါပြီ။ မနေ့ကတော့ တော်တော့ကို သဲသဲမဲမဲ ရွာသွန်းခဲ့ပါတယ်။ ကျောင်းကိုတောင် မသွားနိုင်တဲ့ အထိ မိုးရွာသွန်း ခဲ့ပါတယ်။” ဟု ပြောသည်။

စစ်တွေမြို့မှ လူငယ် တဦးကလည်း “မိုးတွေ အရမ်းရွာနေတဲ့အတွက် ပွိုင့်ကမ်းခြေကို တောင် လာရောက် လည်ပတ်တဲ့သူ မရှိသလောက် ဖြစ်သွားပါတယ်။ မိုးရွာတာကြောင့် အပူဒဏ်က လျော့သွားတော့ လူတွေက နည်းနည်း သက်သာသွားပါတယ်။ ရေလည်း ဖေါဖေါသီသီ သုံးလို့ ရသွားပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အနှံ့ မိုးရွာသွန်းနေရာ အမ်းမြို့တွင်လည်း ၉ ဒသမ ဝ၆ လက်မထိ ရွာသွန်းခဲ့သည်ဟု သိရသည်။ ပေါက်တော၊ မင်းပြား၊ မာန်အောင်နှင့် ကျောက်ဖြူမြို့နယ်များတွင်လည်း မိုးအကြီးအကျယ် ရွာသွန်းခဲ့သည်။

ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်လည်း မိုး အဆက်မပြတ်ရွာသွန်းခဲ့ သဖြင့် ဘူးသီးတောင်သို့ ဆန်တက်ခဲ့သော စက်လှေများနှင့် သဗ္ဗာန်များကို ရသေ့တောင် ဆိပ်ကမ်းတွင် ဆိပ်ကပ် ထားခဲ့ရသည်ဟု မျက်မြင် တဦးက ပြောသည်။

Most read this week