KIA ဗိုလ်လောင်းသေဆုံးသူများအထဲတွင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦးပါ၀င်

KIA ဗိုလ်လောင်းသေဆုံးသူများအထဲတွင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦးပါ၀င်
by -
နိရဥ္စရာ

ယခုလ ၁၉ရက်နေ့ နေ့လယ်ပိုင်းက KIO ဌာနချုပ် ဗိုလ်သင်ကျောင်းတစ်ခုအား အစိုးရတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ရာ ယင်းအထဲတွင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း ၈ ဦးပါ၀င်ကြောင်း သတင်းရရှိသည်။

၎င်းအပြင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း (၅) ဦးလည်း ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအထဲမှ ဗိုလ်လောင်း (၃) ဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု ရက္ခိုင့်တပ်မတော်နှင့် နီးစပ်သူ တစ်ဦးမှ ပြောကြားသည်။

wreath-condolences-300x300

နိုဝင်ဘာလ ၁၉ ရက်နေ့က KIA ဌာနချုပ် အနီး ခရာတောင်ကုန်းမှာ တပ်စွဲထားသော အစိုးရတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး အမြောက်ဆံများမှာ  KIO ဗိုလ်သင်တန်းကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်။

ယင်းပေါက်ကွဲမူကြောင့် သင်တန်းသား ၂၃ဦးသေဆုံးပြီး သေဆုံးသူ သင်တန်းသား  ဗိုလ်လောင်း အများစုမှာ  တအာင်းနှင့် ရခိုင်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သတင်းများတွင် ဖေါ်ပြသည်။

သေဆုံးသူများ အထဲတွင် ပလောင်ခေါ် တအာင်းအဖွဲ့က ၁၁ဦး၊ ရက္ခိုင့်တပ်မတော်မှ  ၈ဦး၊ ABSDF မှ ၂ ဦး၊ ချင်းတပ်ဖွဲ့မှ ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ KIA နယ်မြေတွင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်းများအပါအဝင် တိုင်းရင်းသား တပ်ဖွဲ့မှ ဗိုလ်လောင်းများ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်သော ဦးဦးလှစောအား မေးမြန်းရာ သူ့သဘောထားကို ယခုလို ပြောသည်။

“ ခုလို ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကာလမှာ ဒါမျိုးတွေတော့ လုံးဝ မဖြစ်သင့်ဘူး။ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေး လုပ်နေတဲ့ ကာလမှာ ခုလို ပြင်းပြင်းထန်ထန် တုန့်ပြန်မူ လုပ်လာတာက ကျနော်တို့ အနေနဲ့ လုံးဝ လက်ခံနိုင်စရာ မရှိပါ။ သာမန် မရှောင်မလွှဲသာလို့ တိုက်ခိုက်တယ်ဆိုရင်တော့ ကိစ္စမရှိပါ။ အခုဟာက ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ထင်ရတဲ့ အတွက် ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်” ဟု ဆိုသည်။

ယနေ့တွင် ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်း (၈) ဦး ကျဆုံးခဲ့ရခြင်း အပေါ် ရခိုင်အမျိုးသားပါတီမှ ကျေညာချက် တစ်စောင်ထုတ်ပြန်ပြီး ရခိုင် ပြည်သူသို့ အသိပေးသွားရန် စီစဉ်နေသည်ဟုလည်း ဦးလှစောက ပြောကြားသည်။

ရန်ကုန်နှင့် စစ်တွေမြို့တို့တွင်လည်း ရခိုင်လူငယ်များက ကျဆုံးသွားခဲ့ကြသော ရက္ခိုင့်တပ်မတော်မှ ဗိုလ်လောင်းများအတွက် အလှူအတန်းပြုလုပ်ပြီး အမျှအတန်းပေးဝေမူများ ပြုလုပ်ရန် စီစဉ်နေကြသည်ဟု သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပေးပို့သော တပ်မတော်နှင့်ကေအိုင်အေ ဖြစ်စဉ် သတင်းကို  မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီမှ တဆင့် နိရဥ္စရာ သတင်းဌာနမှ လက်ခံရရှိခဲ့ရာတွင် “ ကေအိုင်အေ (ကချင်) နယ်မြေလုံခြံုရေး ဆောင်ရွက်ခြင်း၊ လုံခြံုရေး လဲလှယ်မှုဆောင်ရွက်ခြင်း၊ လမ်းပြုပြင် ဖေါက်လုပ်ခြင်း ဆောင်ရွက်မှုအား နှောင့်ယှက်မှုများ မပြုလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ် သတိပေးခဲ့သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့အနေဖြင့်ထိန်းသိမ်းကြပ်မတ်မူ မရှိဘဲ ဒေသအတွင်း စစ်ရှိန်မြင့်မားစေသော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင်လာသဖြင့် အဆိုပါ ဖြစ်စဉ်နှင့် တပြိုင်နက်တည်း တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန် သတိပေး ပစ်ခတ်မူ ပြုလုပ်ခဲ့ရာ ကေအိုင်အေစခန်းတွင် ကျရောက်ပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာ ရရှိမူများ ရှိခဲ့ကြောင်း သိရှိရသည်” ဟု ဖေါ်ပြထားသည်။

သို့သော်လည်း အစိုးရ တပ်ဘက်မှ ထုတ်ပြန်ချက်အပေါ် KIO က လက်မခံဘဲ ပယ်ချခဲ့သည်ဟု သိရသည်။

Most read this week