မြန်မာ အနောက််ဘက်နယ်စပ်တွင် တိုင်းရင်းသားကျေးရွာများ တိုးချဲ့ တည်ဆောက်မည့်အဆို ရခိုင်လွှတ်တော်က အတည်ပြု

မြန်မာ အနောက််ဘက်နယ်စပ်တွင် တိုင်းရင်းသားကျေးရွာများ တိုးချဲ့ တည်ဆောက်မည့်အဆို ရခိုင်လွှတ်တော်က အတည်ပြု
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်  အနောက်ဘက်နယ်စပ်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် တိုင်းရင်းသား ကျေးရွာများ တိုးချဲ့ တည်ဆောက်ရန် လိုအပ်ကြောင်းအဆိုကို ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က တင်သွင်းရာ ရခိုင်ပြည်နယ် လွှတ်တော်မှ အတည်ပြု လိုက်သည်ဟု ဆိုသည်။

“ ကျွန်တော်လွန်ခဲ့တဲ့ အပတ် သောကြာနေ့က ဒီအဆိုကို တင်ပါတယ်။ ဒီတပတ်က အင်္ဂါနေ့မှာ လွှတ်တော်က အတည်ပြုပါတယ်။ ဒါကြောင့် တိုင်းရင်းသားကျေးရွာတွေ တည်ထောင်မယ့် အစီအစဉ်ဟာ များမကြာမီ အကောင်အထည် ပေါ်လာတော့မှာ ဖြစ်ပါတယ်” ဟု ကိုယ်တိုင် အဆို တင်သွင်းသူ ဦးတက်ထွန်းအောင်က နိရဥ္စရာက ပြောသည်။

DSCN2530

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ယခုအခါ ရခိုင်တိုင်းရင်းသားများ လူဦးရေမှာ မပြောပလောက် သာရှိတော့ကြောင်း၊ သို့အတွက် ယင်းဒေသကို ကာကွယ်ရန် တိုင်းရင်းသား ကျေးရွာများကို တည်ဆောက်ရန်လိုအပ်နေသဖြင့် ယခုလို အဆိုတင်ရခြင်း ဖြစ်ကြောင်း ဦးတက်ထွန်းအောင်က ဆိုသည်။

“ ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသား လူဦးရေက ၃ ရာခိုင်နုန်းကနေ ၅ ရာခိုင်နုန်းလောက်ထိသာ ရှိတော့တယ်။ ဒီလိုအခြေအနေမျိုးဆိုရင် ရှေ့မှာလည်း လူဦးရေက ဒီထက် နည်းပါးသွားနိုင်တယ်။ ခုလိုဆိုရင် ဒီနယ်မြေတွေဟာ အနာဂတ်အတွက် စိုးရိမ်စရာ အလွန်ကောင်း နေတဲ့ အတွက် ဒီတိုင်းရင်းသားကျေးရွာတွေ တိုးချဲ့ တည်ဆောက်ရေး အဆိုကို တင်သွင်းရတာ ဖြစ်ပါတယ်” ဟု ဦးတက်ထွန်းအောင်က ဆိုသည်။

ယင်းအဆိုအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းမှလည်း ထောက်ခံဆွေးနွေးခဲ့သည်ဟု သိရသည်။

“ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒီအဆိုဟာ သင့်တော်ကောင်းမွန်တဲ့ အတွက် ၀င်ရောက် ဆွေးနွေးရ တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ပြင်သူပြောတာက အရင် စစ်အစိုးရ လက်ထက်တုန်းကလည်း ဒီစီမံကိန်းကို လုပ်ခဲ့တယ်။ ဒါပေမယ့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ ပြည်ထောင်စု အစိုးရကို တင်ပြပြီး စီမံကိန်းအောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်” ဟု လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ပြောကြားသွားခြင်း အပေါ် ဦးတက်ထွန်းအောင်က ပြောဆိုသည်။

ယင်းပြင် မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးအောင်ဝင်း၊ ဦးမောင်လုံး၊ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်၊ ရသေ့တောင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကလည်း ထောက်ခံဆွေးနွေးခဲ့ သည်ဟု သိရသည်။

မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက သူထောက်ခံ ဆွေးနွေးရခြင်းကို ယခုလို ပြောဆို သည်။

“ အခု နယ်စပ်ဒေသ ကာကွယ်ရေးအတွက် နယ်စပ် လုံခြံုရေးတပ်ဖွဲ့တွေ၊ ရေကြောင်း ရဲတပ်ဖွဲ့တွေ တိုးချပေမယ့် အဲဒီ ဘူးသီးတောင်၊ မောင်တော ဒေသက ခုအချိန်ထိ လုံခြံုမှု မရှိသေးဘူး။ ဒီဒေသ လုံခြံုဖို့ဆိုရင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် တိုင်းရင်းသားကျေးရွာတွေ လိုအပ်တယ်။ အခု ရခိုင်တိုင်းရင်းသားတွေက လုံခြံုမှု မရှိတဲ့ အတွက် အဲဒီဒေသမှာ မနေဝံ့တော့ဘဲ  ထွက်ပြေး နေကြရတယ်။ ဒါကြောင့် ဒေသခံ တိုင်းရင်းသားတွေအကြား တစ်ဦးနဲ့ တစ်ဦး အကြား၊ တစ်ရွာနဲ့ တစ်ရွာအကြား အားကိုးမူတွေ ရှိလာရန်နဲ့ နယ်စပ်လုံခြံုရေးကို ကာကွယ်ဖို့ တိုင်းရင်းသား ကျေးရွာတွေ လိုအပ်တဲ့ အတွက် ခုလို ထောက်ခံ ဆွေးနွေးရတာပါ” ဟု ဦးအောင်ဝင်းက ဆိုသည်။

ယခုအဆိုကို အတည်ပြုပြီးနောက် ရခိုင် ပြည်နယ် လွှတ်တော် ဥက္ကဌမှ ပြည်ထောင်စု အစိုးရသို့ တင်ပြမည် ဖြစ်ပြီး၊ ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် တိုင်းရင်းသားကျေးရွာများကို နယ်စပ် တစ်လျှောက် တည်ဆောက်သွားတော့မည်ဖြစ်ကြောင်း ရခိုင်လွှတ်တော်အမတ်များက ပြောဆိုသည်။

Most read this week