အစိုးရစစ်တပ်က KIO ကို အလစ်တိုက်ခိုက်မှု သူရဲဘောကြောင်သည့် လုပ်ရပ် ဟု UNFC ပြော

အစိုးရစစ်တပ်က KIO ကို အလစ်တိုက်ခိုက်မှု သူရဲဘောကြောင်သည့် လုပ်ရပ် ဟု UNFC ပြော
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အား အစိုးရ စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှုသည် သူရဲဘောကြောင်သည့် လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က နိုဝင်ဘာလ ၂၀ ရက်က ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၁၉ ရက်က မြန်မာအစိုးရ စစ်တပ်၏ ခရာဘွမ်တောင် (Hka Ya Bum) အခြေစိုက် ခမရ တပ်ရင်း ၃၈၉ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KIA ဗိုလ်လောင်းသင်တန်းသား ၂၃ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားမှုအပေါ် အစိုးရ စစ်တပ်၏ လုပ်ရပ်အား ပြင်းထန်စွာ ရှတ်ချလိုက်ခြင်း ဖြစ်သည်။

UNFC-Burma-ethnic-alliance

“စစ်တိုက်မယ်ဆိုရင် warning ပေးတာတို့၊ ခုခံဖို့ အခွင့်အရေးဘာမှ မရှိတဲ့အခြေအနေမှာ အလစ်ဝင်ပြီး သွားပစ်တာ အဲဒီမျိုးက မကောင်းဘူး။ ရန်သူကို ကိုယ်တိုက်တာတော့ဟုတ်တယ်။ နိုင်ငံရေး မိုးလေဝသအရ အပစ်အခတ်ရပ်စဲရေး စကားပြောနေတဲ့ အချိန်ဖြစ်တယ်။ တဖက်က အခွင့်အရေး မပေးဘူး။ စုနေတဲ့အချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခဲ့တာ။ သူရဲဘော ကြောင်တာပေါ့ဗျာ” ဟု UNFC ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ယခု ပစ်ခတ်တိုက်ခိုက်မှုသည် ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်း၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လာမည့် ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် ပြင်ဆင်မှု ဖြစ်နိုင်မည်ဟုပြောဆိုမှုနှင့်လည်း တိုက်ဆိုင်နေသဖြင့် စစ်ရေး နိုင်ငံရေး ပူးပေါင်းကြံစည်မှု တစ်ရပ်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ရေးအရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန် တွင် နိုင်ငံရေးအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်၍ဒီမိုကရေစီထူထောင်ရန် နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီအင်အားစုများက တောင်းဆိုနေမှုကို ဦးရွှေမန်းက ပိတ်ပင်လိုက်သဖြင့် နိုင်ငံရေးအရ တင်းမာသည့် သဘောသက်ရောက်နေသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“အပစ်ရပ်မယ်ဆိုတဲ့ အဖွဲ့တွေကိုလည်း အပစ်ရပ် စကားပြောနေတဲ့အချိန်မှာဘဲ အလစ်ဝင်ပြီးတော့ ခုခံဖို့အလားလာမရှိတဲ့အချိန်မှာလာပြီး ပစ်တယ်ဆိုတော့ ဒါတဖက်က စစ်ရေးအင်အားသာလွန်မှုကို အသုံးပြုပြီးတော့ အနိုင်ကျင့်သလို ဖြစ်တာပေါ့။ ဒါကြောင့် စစ်ရေးအရ နှိပ်ကွပ်ဖို့၊ နိုင်ငံရေးအရ ဟန့်တားဖို့များလား ဆိုပြီးတော့ ကျနော်တို့ အဲဒီလို ထုတ်ရတာဖြစ်ပါတယ်” ဟု သူက ပြောသည်။

ငြိမ်းချမ်းရေး ရရှိရန်အတွက် ယုံကြည်မှု တည်ဆောက်ရေး ကြိုးပမ််းနေချိန်တွင် မြန်မာ့တပ်မတော်အနေဖြင့် စစ်ရေးအရ အလစ်အငိုက် ဖိအားပေးတိုက်ခိုက်နေမှုသည် ငြိမ်းချမ်းရေးကိုမြန်မာတပ်မတော်က အမှန်တကယ် လိုချင်သည့် စိတ်ရင်း စေတနာရှိ၊ မရှိကို မေးခွန်းထုတ်စရာ ဖြစ်စေပြီး ယုံကြည်မှု တည်ဆောက်ရာတွင် အဟန့်အတား ဖြစ်စေကြောင်း သတိချပ်စေလိုပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

UNFC အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအား နှောင့်နှေးစေသော၊ လမ်းလွဲ စေသော လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြ ထားသည်။

Most read this week