ထိုင်း-မြန်မာနယ်စပ်၌ ယာယီ ဒုက္ခသည်စခန်း ၃ ခု ဖွင့်

ထိုင်း-မြန်မာနယ်စပ်၌ ယာယီ ဒုက္ခသည်စခန်း ၃ ခု ဖွင့်
by -
ဇော်ကြီး
မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ)က ကေအင်ယူ တပ်မဟာ (၇) ဌာနချုပ် အား ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာကြသည့် ကရင်ဒုက္ခ သည်များကို လက်ခံရန် ယာယီ ဒုက္ခသည်စခန်း ၃ ခု တိုးဖွင့် ...

မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ)က ကေအင်ယူ တပ်မဟာ (၇) ဌာနချုပ် အား ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာကြသည့် ကရင်ဒုက္ခ သည်များကို လက်ခံရန် ယာယီ ဒုက္ခသည်စခန်း ၃ ခု တိုးဖွင့် လိုက်သည်။

ထိုင်း-မြန်မာနယ်စပ် မယ်တမ်မြို့နှင့် မယ်သဝေါ ကြားရှိ  အီးတူးထ၊ နို့ဖိုး နှင့် မက်ထရစ် နေရာသုံးခုတွင် ယာယီ စခန်း ၃ နေရာဖွင့်ထားကာဒုက္ခသည်များအား ထိုင်းနိုင်ငံအခြေစိုက် NGO အဖွဲ့များက ကူညီ ပေးနေကြရသည်။

ယင်းနေရာသုံးခုမှ အီးတူးထသည် ယခင်က တိုက်ပွဲများဖြစ်ပွားသည့်အခါ၌ ရွာသားများ ခေတ္တ လာရောက်ပုန်းခို လေ့ရှိသည်ဟု ဒုက္ခသည်များကို ကူညီပံ့ပိုးပေးနေသည့် ကရင် လူငယ် အစည်းအရုံး၏ ဥက္ကဋ္ဌ စောလှထွန်းက ပြောသည်။

“အရင်က အဲဒီနေရာတွေမှာမရှိဖူး။ ရှိတာက အဲဒီ အီးတူးထ တစ်နေရာထဲ။ အဲဒီနေရာ လည်း ပြေး တော့ပြေးတယ်။ ဒါပေမယ့် သီးသန့်ဒုက္ခသည်စခန်းအဖြစ် ဥပမာမယ်လတို့လို ပုံစံမျိုးတော့ မဟုတ် ဖူးပေ့ါ။ အရင်ကလည်း သူတို့ ခဏတဖြုတ် ပြေးတယ်။ အခြေအနေ ကောင်းရင်ပြန်တယ်။”

ယင်းစခန်းနေရာသုံးခုတွင် ဒုက္ခသည်ပေါင်း ၃၅ဝဝ ကျော်ရောက်ရှိနေပြီဟု ကရင်လူငယ် အစည်းအရုံး မှတ်တမ်း အရ သိရသည်။

Karen Refuges committee   (KRC) အဖွဲ့မှဦးဆောင်၍ထိုင်း-မြန်မာနယ်စပ်အဖွဲ့ TBBC၊ လူထုအခြေပြု အဖွဲ့ နှင့် ခရစ်ယာန်ဘာသာရေးအသင်းတို့မှ ဒုက္ခသည်များ၏လတ်တလော လိုအပ်နေသည့် အစားအသောက်၊ အသုံး အဆောင်ပစ္စည်းများ ကူညီ ပေးကြသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့ပေးတာကတော့ ဆန်ပေးတယ်လေ။ နောက်ငါးပိ၊ ခြင်ထောင်၊ တာလပတ် မိုးကာပေ့ါ။ နောက် လုံချည်၊ အင်္ကျီနဲ့ အိုးခွက်ပန်းကန်တွေပေးတယ်လေ။”

မိုးဆက်တိုက်ရွာနေခြင်း၊ လူဦးရေများလွန်းခြင်းကြောင့် နေထိုင်ရေး အခက်အခဲရှိပြီး ဝမ်းလျောရောဂါ ဖြစ်ပွား သည့် ကလေးငယ်များနှင့်ဖျားနာသူများကို ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူများက လာရောက်ကုသပေးနေ သည်။

မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များကအင်အားထပ်မံတိုးချဲ့ပြီး ကေအဲန်ယူကို ထိုးစစ်ဆင်မှု ဆက်တိုက်ပြုလုပ်လျှက်ရှိကာ ယင်းထိုးစစ်ဆင်မှုကြောင့် ကျေးရွာသားများ ထပ်မံထွက်ပြေးတိမ်းရှောင် လာနိုင် သည်ဟု ကရင်အဖွဲ့အစည်းများက ပြောသည်။

Most read this week