အစိုးရတပ်ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းများ သေဆုံးမှုအပေါ် KIA ရှုတ်ချ

အစိုးရတပ်ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းများ သေဆုံးမှုအပေါ် KIA ရှုတ်ချ
by -
ကေအဲန်ဂျီ

အစိုးရ စစ်တပ်၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗိုလ်လောင်း သင်တန်းသား ၂၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး သင်တန်းနည်းပြ အရာရှိများနှင့်သင်တန်းသားများ စုစုပေါင်း ၂၀ ဦး ဒဏ်ရာရရှိသည့် အစိုးရစစ်တပ်၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၀ ရက်တွင် KIO က ပြောဆိုလိုက်သည်။

“ဒီလိုဖြစ်စဉ်ဟာ တဖက်မှာ ငြိမ်းချမ်းရေး လမ်းကြောင်းကို သွားနေပေမဲ့ စစ်ရှိန်ကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေပေမဲ့ ဒီလိုမျိုး ပစ်ခတ်မှုဟာ ကေအိုင်အို ဗိုလ်သင်တန်းကြောင်းကိုရည်ရွယ်ချက်ရှိရှိတဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပေါ်လာမှု အပေါ်မှာ ကျနော်တို့ ကေအိုင်အို ဗဟိုကနေ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်” ဟု ဦးလာနန် က ပြောသည်။

နိုဝင်ဘာလ ၁၉ ရက်က ခရာဘွမ်တောင် (Hka Ya Bum) ရှိ အစိုးရ၏ ခမရ တပ်ရင်း ၃၈၉ မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ သင်တန်းသား ၂၃ ဦး ရုပ်အလောင်းကိုယနေ့ နံနက် ၈ နာရီတွင် စစ်ရေးအခမ်းအနားဖြင့် သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း ဦးလာနန် က ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် KIO က ပုံမှန်လုပ်ငန်းများကို ရပ်ဆိုင်းထားခြင်း၊ အမျိုးသားအလံကို ထက်ဝက် လွင့်ထူထားခြင်း၊ ဘာသာပေါင်းစုံကလည်း ဆုတောင်းဝတ်ပြုခြင်းအခမ်းအနားများ ပြုလုပ်ခြင်းဖြင့် ကျဆုံးသွားသော ရဲဘော်များအတွက် ဝမ်းနည်းခြင်း အထိန်းအမှတ် ပြုလုပ်ခဲ့ကြသည်ဟု သူက ဆိုသည်။

စစ်ရှိန်လျော့ချနိုင်ရန် ကြိုးပမ်းနေချိန်တွင် မြန်မာတပ်မတော်မှ လက်နက်ကြီးဖြင့် KIA ၏ ဗိုလ်သင်တန်းကျောင်းအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို KIO ဗဟိုကော်မတီမှပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

KIO က နိုဝင်ဘာလ ၂၀ ရက် ရက်စွဲဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) ဒုဥက္ကဌ ဦးအောင်မင်း ထံ စာတစောင် ပေးပို့လိုက်ပြီးဖြစ်ကြောင်းလည်း ပြောသည်။

KIO ၏ ငြိမ်းချမ်းအဖွဲ့ခေါင်းဆောင် ဦးဆွမ်းလွတ်ဂမ် လက်မှတ်ဖြင့် ပေးပို့သော စာကို ဦးအောင်မင်းထံ လက်ခံရရှိသည်ဟု သိရှိရသော်လည်း စာပါ အသေးစိတ်ကို မသိရသေးကြောင်း၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးစင်တာ MPC မှ ဦးလှမောင်ရွှေ က ပြောသည်။

“ကျနော်တို့ ပဋိပက္ခတွေ ဖြေရှင်းတဲ့နေရာမှာတော့ ခုနလို စိတ်မကောင်းစရာ အဖြစ်အပျက်တွေ ကြံုနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လျှော့ချပြီးတော့ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းမှာအဖြေရှာပြီးတော့ ရတဲ့အဖြေကို ပူးပေါင်း အကောင် အထည်ဖော်နိုင်ဖို့ အရေးကြီးတယ် ထင်ပါတယ်။ ဆွေးနွေးပွဲ ပျက်သွားလိမ့်မယ်လို့ မထင်မိပါဘူး” ဟု သူက ပြောသည်။

KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းသည် တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်အတိုင်း ဆက်လက် လုပ်ဆောင်မည် ဖြစ်ပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုပယ်ဖျက်ရန် ဆန္ဒမရှိကြောင်း ဦးလာနန် က ပြောသည်။

“ကေအိုင်အိုရယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ သဘောထားကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ပါ။ ဒီလမ်းစဉ်ကို ကျနော်တို့ သွားချင်ပါတယ်။ ဒီလိုသွားချင်တဲ့ဆန္ဒရှိပေမဲ့ မြန်မာအစိုးရစစ်တပ် အင်အား အလုံးအရင်းနဲ့ တက်လာဆဲပါ။ မနေ့က အဲဒီဖြစ်စဉ် တခုထဲနဲ့တော့ ဒီတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပယ်ဖျက်ဖို့သဘောဆန္ဒတော့ မရှိပါဘူး” ဟု သူက ပြောသည်။

UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ယခုလကုန်ပိုင်း သို့မဟုတ် ဒီဇင်ဘာလဆန်းပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသော်လည်း ယခုကဲ့သို့ KIA အပေါ်ပစ်ခတ်မှုများ ရှိလာသဖြင့် ဆွေးနွေးမှု ရွှေ့ဆိုင်းသွားနိုင်မည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

“ပစ်ခတ်တိုက်ခိုက်ဖို့ အနေအထားကို လျှော့ချဖို့ ကော်မတီတွေ ဖွဲ့ပြီးတော့ လုပ်ဆောင်နေတယ်။ ကျနော်တို့လည်း NCCT အနေနဲ့ ဆွေးနွေးနေတဲ့ ကာလမှာ အခုလို စစ်ရေးဘက်ကတိုးချဲ့တယ်ဆိုတော့ ဒါက တပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို မလိုလားတဲ့သဘောလား။ ဖျက်ဆီးတဲ့ သဘောတက်ရောက်နေတယ်လို့ ခန့်မှန်းလို့ ရနိုင်တယ်။ ဒါက လူထုအနေနဲ့ စဉ်းစားဖို့ လိုနေတယ်” ဟု သူက ပြောသည်။

ယခုဖြစ်စဉ်သည် KIO ဗဟိုဌာနချုပ်အနီး မြန်မာ့တပ်မတော် တပ်စခန်းများ နီးကပ်စွာတပ်စွဲထားကာ လက်နက်ကြီးများ ဖြန့်ကြက် ချထားပြီး မိမိတို့ တပ်စခန်းဘက်သို့ ရန်လိုသောသဘောဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆကြာင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် UPWC တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင် နိုင်ရေးအတွက် KIO ဗဟိုဌာနချုပ်အနီးရှိ ခရာဘွမ် (Hka Ya Bum) တောင်ကြောတလျှောက်မှ လက်နက်ကြီးများ ဖယ်ရှားပေးရန်နှင့် ယင်းစစ်စခန်းများကိုလည်း ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

ယနေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမှု ရှိမရှိ သတင်းမရရှိသေးသော်လည်း အစိုးရ စစ်တပ်က လိုင်ဇာဗဟိုဌာနချုပ်အနီးလက်နက်ကြီးများနှင့်အတူ စစ်အင်အားအလုံးအရင်း တိုးမြင့်ထားဆဲဖြစ်သည်ဟု သူက ဆိုသည်။

Most read this week