ဘူးသီးတောင်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို ကန့်ကွက် ဆန္ဒပြမည်

ဘူးသီးတောင်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို ကန့်ကွက် ဆန္ဒပြမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော စကားများနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြသွားမည်ဟု သိရသည်။

ယင်း ကန့်ကွက် ဆန္ဒပြပွဲကို လူမှုရေးလှုပ်ရှားသူများ ဦးဆောင်၍ ပြုလုပ် သွားမည်ဖြစ်ကြောင်း ဦးဆောင် စီစဉ်သူ ဦးအောင်သောင်းရွှေက ပြောသည်။

Buthidaung

“ တနင်္လာနေ့ နေ့လယ်ပိုင်းမှာ မြို့လည်မှာ တည်ရှိတဲ့ အေးစေတီကျောင်းမှာ စုပါမယ်။ အဲဒီကနေ မြို့တစ်ပါတ် လှည့်လည် ဆန္ဒထုတ်ဖေါ်ပါမယ်။ ထူးထူးခြားခြား ဆောင်ရွက်ဖို့မရှိပါဘူး။ အေးချမ်းစွာပဲ စုဝေးဆန္ဒပြမှာပါ” ဟု သူက ပြောသည်။

ဆန္ဒပြပွဲ ပြုလုပ်ခွင့် ရရှိရေး အတွက် သက်ဆိုင်ရာသို့ လျှောက်လွှာတင်ထားခဲ့ပြီးဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာလ ၂၄ ရက်နေ့ တနင်္လာနေ့ မွန်းတည့် (၁၂းဝဝ) နာရီမှ ညနေ (၄းဝဝ)နာရီထိ လူဦးရေ (၂ဝဝ)ဖြင့် သက်ဆိုင်ရာသို့ ဆန္ဒပြခွင့် တင်ပြ တောင်းခံထားကြောင်း သူက ဆိုသည်။

ဆန္ဒထုတ်ဖေါ်ရခြင်းနှင့်ပတ်သက်၍ ၎င်းက “ဘန်ကီမွန်း မြန်မာနိုင်ငံမှာ ရောက်နေတုန်း သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့တဲ့ကိစ္စကို အဓိကကန့်ကွက်မယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ဘန်ကီမွန်းကို တုန့်ပြန် ကန့်ကွက်ခဲ့တာကို ထောက်ခံပြီး ဝန်ကြီးချုပ်အနေနဲ့ ဒီကိစ္စမှာ ရှေ့ဆက်ပြီးလုပ်ကိုင်တဲ့အခါ နောက်မှာ ပြည် သူတွေရှိတယ်ဆိုတာ အားပေးတဲ့ သဘောလည်းပါတယ်။ နောက်ပြီး UN ဦးဆောင်မှုနဲ့ လှုပ်ရှားနေတဲ့ INGO တွေရဲ့ လုပ်ဆောင်ချက်တွေဟာ တစ်ဖက်သတ် ဖြစ်နေတာကို စောင့်ကြည့်နိုင်ဖို့ ECC ကို ပြန်လည် ဖွဲ့စည်းပေးဖို့၊ ထိထိရောက်ရောက် ကြပ်မတ်ပေးနိုင်ဖို့ တောင်းဆိုပါမယ်။ လိုအပ်ရင် တောင်းဆိုချက်၊ လိုလားချက်တွေကို ကြေငြာချက်ထုတ်ပြန်ပြီး တင်ပြသွားဖို့ရှိပါတယ်” ဟု ဦးအောင်သောင်းရွှေက ရှင်းပြပြောဆိုသည်။

ပြည်သူများအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တစ်ယောက် ဖြစ်နေပါလျှက် သံတမန်မပီသစွာ သုံးနှုံးပြောဆိုမှုများကို မကျေနပ်မှုများ ဖြစ်ပေါ်နေလျှက်ရှိပြီး ယင်းသို့ ပြောဆိုခြင်းမှာ  မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်သည်ဟု သူက ဆက်ပြောဆိုသည်။

ပြည်ထောင်စု လွှတ်တော်အပါအဝင် ရခိုင်ပြည်နယ် လွှတ်တော်၊ မဘသအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ တို့မှလည်း  တရားဝင် ကန့်ကွက်မူများ ပြုလုပ်ထားပြီး  ဘန်ကီမွန်းအနေဖြင့် ယင်းပြောစကားကို ပြန်လည် ရုတ်သိမ်းရန်နှင့်  မြန်မာပြည်သူများကို တောင်းပန်ရန် လိုလားနေကြသည်ဟု ဆိုသည်။

Most read this week