ကျောက်ဖြူတွင် ဘေးတွဲဆိုင်ကယ် လိုင်စင်စျေးနှုန်း လျှော့ကောက်ရန်သတ်မှတ်

ကျောက်ဖြူတွင် ဘေးတွဲဆိုင်ကယ် လိုင်စင်စျေးနှုန်း လျှော့ကောက်ရန်သတ်မှတ်
by -
နိရဥ္စရာ

လိုင်စင်စျေးကြီး၍ အခက်တွေ့နေကြသော ဘေးတွဲ ဆိုင်ကယ်များအတွက် လိုင်စင်ကြေးကောက်ယူရာတွင် အဆင်ပြေစေရန် အတွက် အခွန်ငွေကို လျှော့ကောက်ယူရန် ကျောက်ဖြူ ခရိုင်တာဝန်ရှိသူများက  သဘောတူ လိုက်သည်ဟု သိရသည်။

ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ထိုသို့ သဘောတူလိုက်ကြောင်း ဘေးတွဲဆိုင်ကယ် မောင်းသူများက ပြောသည်။

 နိုဝင်ဘာလ ၁၉ ရက်နေ့က အစည်းအဝေး ပြုလုပ်နေစဉ်။ (ဓါတ်ပုံ- နိရဥ္စရာ)

“အစည်းအဝေးကို နံနက် ၉ နာရီ ၄၅ မိနစ် စတင်ပါတယ်။  မြို့နယ်စည်ပင်ကော်မတီဝင် တွေရယ်၊ မြို့နယ် အထောက်အကူအဖွဲ့တွေရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့  ခရိုင်ရဲမှူး တို့လည်း တက်ရောက်ပါတယ်။ ကျွန်တော်တို့ဘက်က ဘေးတွဲဆိုင်ကယ် ပိုင်ရှင်တွေတက်ရောက်ပါတယ်” ဟု ဘေးတွဲဆိုင်ကယ်ပိုင်ရှင် ဦးသန်းထွန်းက ပြောသည်။

ယခင်က ဘေးတွဲ ဆိုင်ကယ်တစ်စီးကို ၆၀၀၀၀ ကျပ် ပေးသွင်းရမည်ဟု သတ်မှတ်ခဲ့သော်လည်း လိုင်စင်ကြေး စျေးနှုန်း ကြီးသဖြင့် ဆိုင်ကယ်ပိုင်ရှင် (၂) ဦးသာ ၎င်းလိုင်စင်ကြေးကို ပေးသွင်းခဲ့သည်ဟု သိရသည်။

“လိုင်စင်ကြေးက ၆၀၀၀၀ ကျပ် ဆိုတော့ ဘယ်သူမှ မသွင်းနိုင်ဘူး။  နောက်ထပ် ၅၀၀၀၀ ကျပ်ထိ လျှော့ချ တယ်။ ဒါပေမယ့် ဆိုင်ကယ်ပိုင်ရှင် ၂၀ လောက်ဘဲ သွင်းနိုင်တယ်။ ဒီတော့ ဆွေးနွေးပွဲမှာ ဘေးတွဲ ဆိုင်ကယ် ပိုင်ရှင်တွေအနေနဲ့  လိုင်စင်စျေးနုန်းကို လျှော့ဖို့  ညှိနှိုင်းကြတော့ ဘေးတွဲ လိုင်စင်ခ တစ်စီးကို ၂၀၀၀၀ ကျပ်နဲ့ ဘီးလိမ့်ခွန် ၅၀၀၀ ကျပ်၊  စုစုပေါင်း  ၂၅၀၀၀ ကျပ် ကောက်ယူမယ်လို့ သဘောတူ ခဲ့ကြပါတယ်” ဟု သူက ဆက်ဆိုသည်။

ယခု ပြုလုပ်သော ဆွေးနွေးပွဲသို့ ဘေးတွဲဆိုင်ကယ် အစီး (၁၂၀) ခန့် စုဝေးရောက်ရှိလာပြီး  အာဏာပိုင်များ က စျေးနုန်းလျှော့ချလိုက်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

“ မြို့နယ် စည်ပင်က ပြောတာကတော့ နိုဝင်ဘာလ  ၂၀ ရက်နေ့က စပြီး ခုသတ်မှတ်ထားတဲ့ လိုင်စင်ကြေး အတိုင်း ဘေးတွဲ ယာဉ်တွေ လိုင်စင်တွေ လုပ်ရမယ်။ ၂၁ ရက်နေ့ထိ မလုပ်တဲ့  ဘေးတွဲ ဆိုင်ကယ် ယာဉ်တွေကို စစ်ဆေးမယ်လို့ ပြောပါတယ်။ တနှစ်စာအတွက်ကတော့ ဒီဇင်ဘာ ၁၅ ရက်နေ့ကို နောက်ဆုံး ရက် အဖြစ် သတ်မှတ်ထားပါတယ်”  ဟု ဆိုင်ကယ်မောင်းသမား ဦးဖြူထွန်းချေက ပြောသည်။

၎င်းပြင်သူက ယခုသတ်မှတ်ထားသော လိုင်စင်ကြေးမှာ ငွေ ၂၀၀၀၀ ကျပ်သာ ဖြစ်သဖြင့် လူတိုင်း ပေးသွင်းနိုင် မည်ဟု ပြောသည်။

“ ဘေးတွဲ ဆိုင်ကယ်တစ်စီး လိုင်စင်ကြေး ၅၀၀၀၀ ကျပ် ဆိုရင် လူတိုင်း မသွင်းနိုင်ဘူး။  မိသားစု စားဝတ် နေရေး အခက်အခဲရှိတယ်။ ဘေးတွဲ ဆိုင်ကယ်မောင်းလို့ ဒီလောက်လည်း အဆင်ပြေတာ မဟုတ်ဘူး။ ငွေ ၂၀၀၀၀ ကျပ်လောက်ဆိုရင်တော့ လူတိုင်းအတွက် အဆင်ပြေနိုင်တယ်” ဟု ၎င်းက ဆက်ဆိုသည်။

ကျောက်ဖြူမြို့တွင် ဘေးတွဲဆိုင်ကယ်အစီး (၅၀၀) ခန့်ရှိသည်ဟု သိရသည်။

Most read this week