ဒုဗိုလ်ချုပ်ကြီးရဲမြင့် အပစ်ခတ်ရပ်အဖွဲ့များအား စည်းရုံးရေးခရီး မအောင်မြင်

ဒုဗိုလ်ချုပ်ကြီးရဲမြင့် အပစ်ခတ်ရပ်အဖွဲ့များအား စည်းရုံးရေးခရီး မအောင်မြင်
တရုတ်-မြန်မာနယ်စပ်တလျောက်ရှိ အပစ်ခတ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ နိုင်ငံရေး ပါတီ ဖွဲ့စည်းရေးစသည့်အချက်များ ပါဝင်သည့် မြန်မာစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံကြသဖြင့် ဒု ဗိုလ်ချုပ် ကြီး ရဲဲမြင့်၏ စည်းရုံးရေးခရီး မအောင်မမြင် ဖြစ်ခဲ့ ...

တရုတ်-မြန်မာနယ်စပ်တလျောက်ရှိ အပစ်ခတ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ နိုင်ငံရေး ပါတီ ဖွဲ့စည်းရေးစသည့်အချက်များ ပါဝင်သည့် မြန်မာစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံကြသဖြင့် ဒု ဗိုလ်ချုပ် ကြီး ရဲဲမြင့်၏ စည်းရုံးရေးခရီး မအောင်မမြင် ဖြစ်ခဲ့သည်။

ဇွန်လ(၄) ရက်နေ့မှ (၈)ရက်နေ့အထိ ကိုးကန့်၊ (ဝ)နှင့် မိုင်းလားအဖွဲ့များ၏ ဌာနချုပ်ရှိရာသို့  ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် က သွားရောက်စည်းရုံးခဲ့ခြင်းဖြစ်သည်။

အသွင်ကူးပြောင်းရေးအတွက် ရည်ရွယ်ပြီး တပ်မတော်စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယခုလ(၄)ရက်နေ့က လားရှိုးမှတဆင့် ကိုးကန့်ဒေသ လောက်ကိုင်ကို ရောက်ရှိလာပြီး ကိုးကန့်လက်နက် ကိုင်အဖွဲ့ ဥက္ကဌ ဖုန်ကြားရှင်နှင့် တွေ့ဆုံခဲ့ရာတွင် နောင်တက်လာမည့်အစိုးရအဖွဲ့နှင့်သာ ဆွေးနွေးလိုသည့် အကြောင်း တုန့်ပြန်ခဲ့သည်ဟု ကိုးကန့် အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်သည် (ဝ)ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းသို့ ယခုလ(၆)ရက်နေ့ က  ရောက်ရှိခဲ့သော်လည်း (ဝ)အဖွဲ့က ငြင်းပယ်သည့်အတွက်  မိုင်းလားအဖွဲ့ဌာနချုပ်ရှိရာ မိုင်းလား မြို့သို့ ဝင်ပြီး ကျိုင်းတုံဘက်သို့ ထွက်သွားသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်လေ့လာသူ ဦးအောင် ကျော်ဇောက ပြောသည်။

“အခုက ဗိုလ်ရဲမြင့်က သူကိုယ်တိုင်သွားနေရတာ။ ဧပြီလ(၂၈)ရက်နေ့ကတွေ့တုန်းကတော့ တန့်ယန်း ကို ခေါ်ပြီးမှ တွေ့တာ။  ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အကျပ်အတည်းဖြစ်နေတဲ့ အဲန်အယ်လ်ဒီနဲ့ လူမျိုးစုကိစ္စ၊ အပစ်ခတ်ရပ် ကိစ္စကို လွယ်လွယ်ကူူကူ လုပ်လို့ ရမယ်လို့ သူတို့ တွက်တာ။ အခုက နိုင်ငံတကာ ဖိအားတွေကတိုးလာ၊ ပြည်တွင်းကလည်း အချိန်မရွေး ပေါက်ကွဲ နိုင်တဲ့အခြေအနေဖြစ် လာတဲ့အောက်မှာ စစ်ရေးအရ ဖိအားပေးတာတို့ ဆိုတာ မဖြစ်လာနိုင် ပါဘူး။”

မေ(၂ဝ)ရက်နေ့တွင် (ဝ)ပြည်သွေးစည်းညွတ်ရေးအဖွဲ့က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ မြန်မာစစ်အစိုးရ၏ ကမ်းလှမ်း ချက်နှင့်ပတ်သက်၍ လက်ခံနိုင်ခြင်းမရှိကြောင်း ဖက်စ်ဖြင့် အကြောင်းကြားခဲ့ကြောင်း၊ ယင်းကိစ္စအတွက် (ဝ)မြောက်ပိုင်း ဒေသအနီးသို့ မြန်မာစစ်တပ် ဘက်မှ အင်အားတိုးချလာမှု၊ စစ်ရေးပြင်ဆင်မှု စသည့် စစ်ရေးအရ ဖိအားပေးမှု ယခုချိန်အထိ မတွေ့ရသေးကြောင်း (ဝ)တပ်မှူးတဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောသည်။

“အခုချိန်အထိ သူတို့ဘက်က ဘာမှ လှုပ်ရှားလာတာ မတွေ့ရသေးပါဘူး။ ကျနော်တို့ဘက် ကတော့ စ ပြီး လုပ်မှာတော့ မဟုတ်ဘူး။ သူတို့ ကျူးကျော်ရန်စ၊ သေနတ်စဖောက်ရင်တော့ ကျနော်တို့ဘက်က တုန့်ပြန်ဖို့ အသင့်ရှိပါတယ်။”

ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုအောက်တွင် ရပ်တည်ခဲ့ရပြီး ယခုအချိန်မှာ မိမိအမျိုးသား၏ ဦး ဆောင်မှုအောက်တွင် အမျိုးသားတရပ်လုံးအတွက် ကာကွယ်ရမည့် တိုက်ပွဲဖြစ်သဖြင့် (ဝ)ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော်အနေဖြင့် စိတ်ဓာတ်ရေးရာအရ ပိုပြီး ထက်သန်လျက်ရှိသည်ဟု အဆိုပါ (ဝ)တပ်မှူးက ပြောသည်။

Most read this week