အစိုးရနှင့် တိုက်ပွဲအတွင်း KIA ဗိုလ်တစ်ဦးကျ

အစိုးရနှင့် တိုက်ပွဲအတွင်း KIA ဗိုလ်တစ်ဦးကျ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ ဗိုလ် ဖောင်ဂျေး လဒွဲ (Du Hpauje La Doi) ကျဆုံးခဲ့သည်ဟု KIA တပ်ရင်း ၁၂ နှင့် ၂၇ မှ တာဝန်ရှိသူများက ပြောသည်။

အစိုးရ၏ တပ်ရင်း ခမရ (၃၁၇) တပ်အင်အား ၁၀၀ ခန့်သည် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေသို့ ဝင်ရောက်လာသဖြင့် နမ်ဆာ (Nam Sa) နှင့် ခပရာ (Hka Pra) အကြား ဒန်စပါ (Dang Sa Pa) တွင် နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ ငါးနာရီကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်း ဖြစ်သည်။

Kachin-KIA-soldier-northern-Burma

“ဒီနေ့တော့ ဗုံးကွဲသံဘဲ ကြားတယ်။ မနေ့ကတော့ တပ်ရင်း ၂၇ နယ်မြေ Nam Sa နဲ့ Hka Pra ကြား Dang Sa Pa မှာ ၁ နာရီကနေ ညနေ ၅ နာရီထိ တိုက်ပွဲဖြစ်တာ ၅ နာရီကျော်ကြာ ဖြစ်တယ်။ အစိုးရ စစ်တပ်က မဂျီဘွမ် (Maji Bum) တပ်စခန်းဘက် တက်လာတာ ကျနော်တို့ တပ်ဖွဲ့နဲ့ လမ်းမှာ ထိပ်တိုက်တွေ့လို့ တိုက်ပွဲဖြစ်တာ။ ကျနော်တို့ဘက်က တယောက် ကျသွားတယ်” ဟု KIA တပ်ရင်း ၂၇ မှ တပ်ရင်းမှူး လဘန်ဂျွန်းအောင် (Dap Up Labang Jawn Awng) က ပြောသည်။

ထိုတိုက်ပွဲအတွင်း KIA တပ်ရင်း ၁၂၊ တပ်ရင်း ၂၇ တို့မှ တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ တပ်ရင်း ၁၂ မှ ဗိုလ်ဖောင်ဂျေး လဒွဲ (Du Hpauje La Doi) ကျဆုံးခဲ့ပြီး အစိုးရ စစ်တပ်ဘက်ကလည်း အကျအဆုံးနှင့် ဒဏ်ရာရရှိသူများ ရှိသည်ဟု သိရကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစိုးရ စစ်တပ်ဘက်မှ ပလောင်ဒိန်ဆာ (Balawng Dingsa) တပ်စခန်းသို့ လမ်းမအတိုင်း တက်မည်ဟု KIO ဗဟိုဌာနချုပ်ကို ကြိုတင် ခွင့်တောင်းခဲ့သော်လည်း အစိုးရစစ်တပ်က လမ်းမအတိုင်းမသွားဘဲ တောလမ်းမှ ဝင်ရောက်ခဲ့သဖြင့် KIA တပ်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်ဟု တပ်ရင်းမှူး လဘန်ဂျွန်းအောင် (Dap Up Labang Jawn Awng) က ပြောသည်။

ကိုင်ထိပ်၊ နမ်ခမ်းနှင့် မန်းဝင်းကြီးဘက်မှ အစိုးရ စစ်တပ်များ သိမ်းယူထားသော KIA တပ်ရင်း ၁၂ တပ်စခန်းဟောင်း ပဂျီဘွမ် (Maji Bum)နှင့် တပ်ရင်း ၂၇ ပလောင်ဒိန်ဆာ (Balawng Dingsa) တပ်စခန်းများသို့ ဝင်ရောက်သွားသော်လည်း ပြန်လည် ဆင်းသွားခြင်း မရှိသေးကြောင်း သူက ဆိုသည်။

“ကျနော်တို့က ဗဟိုက ညွန်ကြားတဲ့အတိုင်း ကျနော်တို့ လမ်းအတိုင်း ဖယ်ပေးပါဆိုလို့ ဘေးကို ဖယ်ပေးထားပါတယ်” ဟု သူက ပြောသည်။

လက်ရှိ KIA တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေ အနီးတစ်ဝိုက် အစိုးရ၏ တပ်မ ၈၈ လက်လောက်ခံ တပ်ရင်းများ အပါအဝင် အနည်းဆုံး တပ်ရင်း ၁၀ ရင်းခန့် အခြေစိုက်နေဆဲ ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သော ဂျန်ကြိုင်ခရပ် (Jan Chyai Hket) အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ နိုဝင်ဘာလ ၁၆ ရက်ကလည်းခရှန် (Hka Shang)၊ ဂျန်ကြိုင်ခရပ် (Jan Chyai Hket) အနီး KIA တပ်ရင်း ၂၇ တပ်နှင့် အစိုးရ၏ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက မန်စီမြို့နယ်အတွင်း KIA တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် ထောင်နှင့်ချီသည် တရုတ်နယ်စပ် မိုင်ဂျာယန် (Mai Ja Yang)၊ ဗန်းမော် (Man Maw)နှင့် မန်ဝင်းကြီး (Man Win Gyi) ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Most read this week