UNFC အပေါ် အထင်လွဲမှား စွပ်စွဲမှုကို ပြေလည်အောင် ဖြေရှင်းခဲ့ဟု ပြော

UNFC အပေါ် အထင်လွဲမှား စွပ်စွဲမှုကို ပြေလည်အောင် ဖြေရှင်းခဲ့ဟု ပြော
by -
ကေအဲန်ဂျီ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံခဲ့ရာ တွင် UNFC အပေါ် အမြင်လွဲမှားပြီး စွပ်စွဲထားသည့် ကိစ္စရပ်များကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်ဟု UNFC ဒု ဥက္ကဌ (၁) နိုင်ဟံသာ က ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့က UPWC ဒုဥက္ကဌ ဦးအောင်မင်းနှင့် UNFC  ဒုဥက္ကဌ နိုင်ဟံသာ၊ တွဲဘက်အတွင်းရေး မှူး(၁)ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဘက် အတွင်းရေးမှူး (၂) ဆလိုင်းထလာဟေးအပါအဝင် လေးဦး တို့ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၅ ရက်က ကြေငြာ ချက်ထုတ်ပြန်ထားသည်။

UNFC-vice-chairman-Naing-Han-Ta

ပြီးခဲ့သည့် စက်တင်ဘာလက အစိုးရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က UNFC အပေါ် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး တည်ဆောက်နေသည့်ကာလတွင် UNFC ၏ လှုပ်ရှားမှုများမလုပ်သင့်ကြောင်း ဝေဖန်မှုများအပေါ် သွားရောက် ရှင်းပြနိုင်ခဲ့သည်ဟု နိုင်ဟံသာ က ပြောသည်။

“UNFC အပေါ်မှာ ဝေဖန်ပုတ်ခတ်တာတွေနဲ့ပတ်သက်ပြီး UNFC အပေါ် ဘယ်လိုမြင်လဲ ဆိုပြီး မေးကြည့်တော့ ဦးအောင်မင်း က ပြောတယ်။ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးကိစ္စတို့၊ NCCT ဟာ UNFC ရဲ့ အခြေခံ သဘောထားအပေါ်မှာ လှုပ်ရှားနေတယ် ဆိုတဲ့ ကိစ္စအပေါ်မှာ သူတို့ဘက်က တမျိုးမြင်တယ်။ ကျနော်တို့ကတော့ နိုင်ငံရေးအရ ပြေလည်အောင်နည်းလမ်းရှာ ဆွေးနွေးတဲ့ ကာလမှာ ဒီလို လုပ်လာတာက မရိုးသားဘူးပေါ့။ ငြိမ်းချမ်းရေးကို ဦးတည်ချက် မရှိဘူးဆိုတဲ့ သဘောထားမျိုး ပြောလာတယ်၊ အဲဒါကို ရှင်းခဲ့ရတယ်” ဟု သူကပြောသည်။

ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ UNFC ကို နိုင်ငံရေးအရ စုစည်းမှုရှိသလို၊ တဖက်တွင်လည်း စစ်ရေးအရ မိမိတို့ အဖွဲ့ဝင်များ ကိုယ့်ကိုကိုယ်ကာကွယ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဆိုသည်။

“အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဖြစ်သွားပြီးရင် UNFC အဖွဲ့ဝင်အားလုံး၊ NCCT အဖွဲ့ဝင်အားလုံးက ဒီသဘောတူညီချက်တွေ အပေါ်မှာ အားလုံးထိန်းသိမ်းသွားဖို့ အထောက်အကူဖြစ်စေတယ်။ နောက် ပြီး နိုင်ငံရေးအရ ဆွေးနွေးပြေလည်လို့ နားလည်မှု ရသွားပြီးရင် အန်ကယ်တို့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော်၊ တဖက်က ဖက်ဒရယ် ပြည်ထောင်စု ပုံစံမျိုးနဲ့နိုင်ငံတော်ကိုလည်း ပြည်ထောင်စု စစ်စစ်ပုံစံမျိုးနဲ့ အကောင်အထည်ဖော်ရမှာ ဖြစ်တဲ့ အခါကြတော့ အန်ကယ်တို့ တပ်မတော်ကိုလည်း ပြည်ထောင်စု တပ်မတော် ပုံစံအနေနဲ့ တဖက်ကဒီမိုကရေစီ စနစ်ကို လက်ခံ ကျင့်သုံးသွားရမယ်။ တချိန်ချိန်မှာ ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းတဲ့အခါ အထောက်အကူဖြစ်ဖို့ ရည်ရွယ်ခြင်း ဖြစ်တယ်လို့ ရှင်းပြခဲ့တယ်” ဟု သူကပြောသည်။

အဆိုပါခရီးစဉ်သည် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင်နေ၍ သံတမန်များနှင့် နိုင်ငံတ ကာ လေ့လာသူများက UNFC အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် သဘောထား တင်းမာသူများ၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အချိန်ဆွဲနေ သူများအဖြစ် လွဲမှားစွာ ထင်မြင်ယူဆနေခြင်းကိုဖြေရှင်းနိုင်ခဲ့ကြောင်း ကြေငြာချက် တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် Single Text အပေါ် ဆွေးနွေးညှိနှိုင်းရန်အတွက် လာမည့် နိုဝင်ဘာလကုန်ပိုင်း သို့မဟုတ် ဒီဇင်ဘာလဆန်းပိုင်းတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့သည်ဟု နိုင်ဟံသာ က ပြောသည်။

သံတမန်နှင့် နိုင်ငံတကာ လေ့လာသူများ၏ UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအပေါ် သဘောထားတင်းမာသူများ၊ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် အချိန်ဆွဲ နေသူများဟု လွဲမှားစွာ ထင်မြင်ယူဆနေခြင်းများကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု ကြေငြာချက် တွင် ဖော်ပြထားသည်။

UNFC ကို နိုင်ဟံသာနှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ ဦးဆောင်နေသ၍ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်မည် မဟုတ်ကြောင်း စာစောင်တချို့နှင့် ပုဂ္ဂိုလ်တချို့တို့၏ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက် ၍လည်း ရှင်းပြနိုင်ခဲ့သည်ဟု နိုင်ဟံသာ က ပြောသည်။

“အန်ကယ်တို့က ခေါင်းမာတာ မဟုတ်ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ဖို့။ တဖက်က တိုင်းရင်းသားတွေရဲ့ ခံယူချက်၊ ရပ်တည်ချက် တွေကို ပွင့်ပွင့်လင်းလင်းတင်ပြနေတာဖြစ်တယ်။ အများရဲ့ ဆုံးဖြတ်မှုအပေါ်မှာ conference က ချမှတ်ထားတဲ့ မူအပေါ်မှာလည်း ရပ်တန့်နေရတယ်ဆိုတာ ကို မြင်သာဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှသည် နိုင်ငံရေးဆွေးနွေးမှု အမြန်ဆုံး တက်လှမ်းနိုင်ဖို့ ဆန္ဒရှိတဲ့အကြောင်း အန်ကယ်တို့ လက်တွေ့လုပ်ပြခြင်း ဖြစ်တယ်” ဟု သူက ပြောသည်။

UNFC ခေါင်းဆောင်များသည် ရန်ကုန်မြို့တွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းတို့နှင့်တွေ့ဆုံခဲ့ရာ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံရေးပါတီ လွတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့သလို၊ UNFC ဘက်မှ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည် ဆွေးနွေး ခဲ့ပြီး ရှေ့ဆက် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေး သုံးသပ်ခဲ့ကြသည်ဟု နိုင်ဟံသာ က ပြောသည်။

ထိုခရီးစဉ်တွင် UNFC ကိုယ်စားလှယ်လေးဦးနှင့် နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက နိုဝင်ဘာလ ၉ ရက်မှ ၁၃ ရက်ထိ ငါးရက်ကြာ နေပြည်တော်နှင့် ရန်ကုန်မြို့သို့ သွားရောက်ခဲ့သည်ဟု သိရသည်။

Most read this week