မစ္စတာဘန်၏ အသုံးအနုန်းအပေါ် ကန့်ကွက်မူအဆို ရခိုင်လွှတ်တော် အတည်ပြု

မစ္စတာဘန်၏ အသုံးအနုန်းအပေါ် ကန့်ကွက်မူအဆို ရခိုင်လွှတ်တော် အတည်ပြု
by -
နိရဥ္စရာ

ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ အာစီယံ-ကုလသမဂ္ဂ (၆) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးအတွင်း ပြုလုပ်သော သူ၏ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာအမည်အား သုံးနုန်းသွားခြင်း အပေါ် ရခိုင်ပြည်နယ် လွှတ်တော်က ကန့်ကွက်ရှုတ်ချကြောင်း အဆိုကို ကန့်ကွက်သူ မရှိ ယမန်နေ့က အတည်ပြုခဲ့သည်။

စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ယမန်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အရေးတကြီး အဆိုတစ်ရပ် အဖြစ် ကုလမသဂ္ဂအတွင်းရေး မှူးချုပ်က ရိုဟင်ဂျာ အမည်သုံးနုန်းသွားခြင်း အပေါ် ကန့်ကွက်ကြောင်း အဆိုတင်သွင်းရာ ကန့်ကွက်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်ဟု သိရသည်။

လွှတ်တော်တွင် ကန့်ကွက် အဆိုတင်သွင်းသူ ဦးအောင်မြကျော် (ဓါတ်ပုံ- နိရဥ္စရာ)

“ကျွန်တော်ကပဲဲ အရေးတစ်ကြီး အဆိုတစ်ရပ်အနေနဲ့ မနေ့က ပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းပါတယ်။ ဦးဖိုးမင်းက ထောက်ခံဆွေးနွေးတယ်။ လွှတ်တော်မှာ တစ်စုံတစ်ဦးမှ ကန့်ကွက်မယ့်သူ မရှိတဲ့ အတွက် ကန့်ကွက်ကြောင်း အဆိုကို အတည်ပြုပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။

ရိုဟင်ဂျာ အမည်မှာ မြန်မာနိုင်ငံ တည်ဆဲ ဥပဒေတွင်လည်း အသိအမှတ်ပြု၍  မရှိကြောင်း၊ ဖွဲ့စည်းပုံတွင် လည်း မရှိကြောင်း၊ မြန်မာ သမ္မတကြီးကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဟု မရှိကြောင်း ကမ္ဘာသို့ အတိအလင်း ကျေညာထားကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းကြီးသည် ကမ္ဘာတစ်ခုလုံး၏ ငြိမ်းချမ်းရေး ကို ဖေါ်ဆောင်နေသော အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းကို တာဝန်ယူထားသော အကြီးဆုံး ပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ပျက်ပြားစေမည့် အသုံးအနုန်းကို သုံးနုန်းခြင်းမှာ လုံးဝ တာဝန်ကင်းမဲ့ရာ ကျကြောင်း၊  အထိန်းအကွပ်မရှိ သုံးစွဲခြင်းသည် ငြိမ်းချမ်းရေး ဖေါ်ဆောင်မူကို ထိခိုက်စေကြောင်း၊ သို့အတွက်ကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဦးအောင်မြကျော်က ဆိုသည်။

“ဒါ့ပြင် ကျွန်တော်တို့အနေနဲ့ ဒီအသုံးအနုန်းကြောင့် နောက်ဆက်တွဲ ပြသနာတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်တယ်၊ အခုဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် စကားနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်နေကြတယ်၊ ဒီလို ဆန္ဒပြပွဲတွေဟာ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပြီးတော့ မတည်ငြိမ်မူတွေကို ဖြစ်ပေါ်စေနိုင်တယ်၊ ဘင်္ဂလီတွေနဲ့ ရခိုင်တွေအကြား ထိပ်တိုက် ပြန်ဖြစ်လာနိုင်တယ်၊ အဲသလို ဖြစ်လာရင် အာဏာပိုင်တွေဘက်ကလည်း နှိမ်နှင်းမူတွေ ပြုလုပ်လာရင် သွေးမြေကျနိုင်တယ်၊ ခုလို ဖြစ်လာရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှာ အဓိက တာဝန် ရှိတယ်လို့ ကျွန်တော်က ပြောလိုပါတယ်” ဟု ဆိုသည်။

အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ကလည်း ဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနုန်းအပေါ်  ကန့်ကွက်ကြောင်း အဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က တင်သွင်းရာ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင် ပြု လုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင်နေထိုင်နေသော ဘင်္ဂလီများကို ရိုဟင်ဂျာဟုသာ ဆက်လက် သုံးစွဲသွားမည် ဖြစ်ကြောင်း၊  ချို့တဲ့စွာနေထိုင်နေရတဲ့ သူတွေကို လူသားချင်းစာနာ ထောက်ပံ့မူတွေပေးဖို့၊ လူ့အခွင့်အရေးနှင့် အညီ ဆက်ဆံဖို့ စသဖြင့် ပြောကြားခဲ့သည်။

Most read this week