သမ္မတ အိုဘားမားနှင့်တွေ့ဆုံစဉ် ကချင်အသင်းတော် က ဒုက္ခသည်အရေး တင်ပြခဲ့

သမ္မတ အိုဘားမားနှင့်တွေ့ဆုံစဉ် ကချင်အသင်းတော် က ဒုက္ခသည်အရေး တင်ပြခဲ့
by -
ကေအဲန်ဂျီ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန် (Dr. Hkalam Samson) သည် အရပ်ဘက်လူမှု အဖွဲ့အစည်း ၁၅ ဖွဲ့နှင့်အတူ အမေရိကန် သမ္မတ ဘားရပ် အိုဘားမားနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် လူ့အခွင့်အရေးနှင့် ကချင်ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင် KBC၊ လူ့အခွင့်အရေးလှုပ်ရှားနေသော Equality Myanmar အဖွဲ့၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အပါအဝင် အရပ်ဘက် အဖွဲ့အစည်း ၁၅ ဖွဲ့နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

rev-dr-hkalam-samsun

“ကချင်ဒုက္ခသည်တွေနဲ့ပတ်သက်လို့ ကျနော် အဓိကထားပြီးတော့ ပြောတယ်။ ကချင်ဒုက္ခသည်တွေ ပြန်ဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ စစ်တပ် ကချင်ပြည်နယ် နေရာများများမှာ ရှိနေတော့ မပြန်ရဲတဲ့အကြောင်းတွေ ပြော တယ်။ ကျနော်တင်ပြမှုမှာဘဲ သူတို့ သမ္မတနဲ့ တွေ့ပြီးပြီ။ သူတို့ သိပြီးတယ်ဆိုတဲ့အကြောင်း ပြန်ပြောတယ်” ဟု ဒေါက်တာခလမ်ဆမ်ဆွန် က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရန် လိုအပ်ကြောင်း ဟူသော အချက်များကိုလည်း သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် သမ္မတ အိုဘားမားက ပြောဆို ဆွေးနွေးခဲ့သည်ဟု သူက KNG ကချင်သတင်းဌာနကို ပြောသည်။

“၂၀၁၅ က အရေးကြီးတဲ့အချိန်ဖြစ်တယ်၊ အားလုံး ဝိုင်းဝန်းလုပ်ဆောင်ရမယ်ဆိုတာ ပြောတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အမျိုးသမီး၊ လူငယ်တွေကို ချန်ခဲ့လို့ မရဘူး။ အဲဒါတွေကို ချန်ခဲ့ရင် ငြိမ်းချမ်းမှု မရနိုင်ဘူး။ အားလုံး လူ့အခွင့်အရေးကို တန်ဖိုးထားဖို့။ ၂၀၁၅ မှာ တကယ်လို့ ပြောင်းလဲမှုမဖြစ်လာ ရင်တော့ ပြည်သူတွေက အသံပိုကျယ်ကျယ်ပါဝင်ဖို့ လိုတယ်ဆိုတာ ပြောတယ်” ဟု သူက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုအပေါ် အားရမှုမရှိသေးဘဲ လာမည့် ၂၀၁၅ ခုနှစ်သည် အမေရိကန် အစိုးရမှ အရေးကြီး စောင့်ကြည့်မည့် အချိန်ဖြစ်၍ မြန်မာအစိုးရအနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးတို့မှာ လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဒေါက်တာ ခလမ်ဆမ်ဇွန် က ဆက်ပြောသည်။

“သူပြောပြချက်အရ ဒီတိုင်းပြည်မှာ နှစ်ခါလာတယ်ဆိုတဲ့အကြောင်းကတော့ သူ့ရဲ့ စေတနာ မြန်မာပြည် သူပြည်သားတွေကို တကယ်တန်း မေတ္တာဖော်ပြလိုတဲ့အကြောင်းတွေ တွေ့ရတာပေါ့။ လက်တွေ့ အကောင်အထည် မြင်ရမဲ့ သက်သေတခုဘဲ။ ဒါတွေ မဖြစ်လာရင်တော့ သူတို့ရဲ့ ဆက်ဆံရေးကလည်း တမျိုးတဖုံတော့ ပြောင်းလဲသွားမယ် ထင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်ခဲ့သည့် အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းကရန်ကုန်မြို့ အတွင်းဝန်ရုံးဟောင်းသို့ သွားရောက်ခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဇောင်းပေး ပြောဆိုခဲ့သည်ဟု သိရသည်။

မွန်းလွဲပိုင်းတွင် သူ၏ နောက်ဆုံးခရီးစဉ် အရှေ့တောင်-အာရှမှ လူငယ်များနှင့် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် တွေ့ဆုံ၍ လူငယ်များ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားပေးခဲ့သည်။

KBC အနေဖြင့် အမေရကန် သမ္မတ အိုဘာမားနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း “ကျနော်ကတော့ တရားမျှတဖို့နဲ့ ငြိမ်းချမ်းဖို့ ခရီးစဉ်မှာ အိုဘားမားရဲ့ လည်ပတ်မှုကတော့ အရေးကြီးသလို၊ ကျနော်တို့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုနဲ့ ပြည်သူတွေရဲ့ အနေအထားလည်းအရေးကြီးတယ်။ ပိုပြီးအရေးကြီးတာက အစိုးရရဲ့ ပြောင်းလဲမှုနဲ့ အစိုးရဘက်ကလုပ်ဖို့ တာဝန်ရှိတယ်” ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က KNG ကချင်သတင်းဌာန သို့ ပြောသည်။

အိုဘားမားသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ ၁၂ ရက်မှ စတင်ရောက်ရှိနေကာ ၁၃ ရက်တွင် နေပြည်တော်၌ ကျင်းပသော ၂၅ ကြိမ်မြောက်အာဆီယံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီခွဲချိန်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားသည်။

Most read this week