စစ်တွေ မြို့လူထုအစည်းအဝေးမှ ဘန်ကီမွန်းကို ဆန္ဒပြရန် ဆုံးဖြတ်

စစ်တွေ မြို့လူထုအစည်းအဝေးမှ ဘန်ကီမွန်းကို ဆန္ဒပြရန် ဆုံးဖြတ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့ (နိုဝင်ဘာလ ၁၆ရက်)က ပြုလုပ်ခဲ့သော မြို့လူထု အစည်းအဝေးမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြောစကား အပေါ် ကန့်ကွက် ဆန္ဒပြရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ အောင်မြေကုန်း ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် အစည်းအဝေးမှ ဘန်ကီမွန်းမှ ရိုဟင်ဂျာဟု သုံးနုန်းပြောဆိုခြင်းကို ထိုသို့ ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ ဆန္ဒပြခွင့်ရရေးအတွက် ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ခွင့်ပြုချက်တင်မယ်။ ဒီလ ၂၃ ရက်နေ့မှာ ပြမယ်။ ခွင့်ပြုချက်ရမှ အသေးစိတ် ဘယ်လိုလုပ်မယ်ဆိုတာကို ကျွန်တော်တို့ ပြန်ညှိရဦးမယ်” ဟု ဆန္ဒပြရန် ဦးဆောင် စီစဉ်သူ ကိုစိုးနိုင်က ဆိုသည်။

ဆန္ဒပြပွဲတွင် ခန့်မှှန်းခြေအင်အား လူ ၂ဝဝ မှ ၅ဝဝ အထိ ပါဝင်မည်ဟုခန့်မှန်းထားသည်။

“ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟုသုံးနှုန်းခဲ့တယ်။  ဒီလို ပြောဆိုသုံး နှုန်းခဲ့မှုကို ရုတ်သိမ်းပေးဖို့ရယ်။ နောက်တစ်ချက်က ရိုဟင်ဂျာ အမည်လိမ်ကို ကုလသမဂ္ဂမှာ တရားဝင်သုံးစွဲနေခြင်းကို ရုတ်သိမ်းကြောင်း ကြေညာဖို့ရယ်- ဒီနှစ်ချက်ကို အဓိက  တောင်းဆိုသွားမယ်” ဟု ဆိုသည်။

မိမိတို့တွင် ဆန္ဒပြရန် အခွင့်အရေးရှိကြောင်း၊ ငြိမ်ခံနေလျှင် လက်ခံရာ ရောက်မည်ဖြစ်ကြောင်း၊ သို့အတွက် ဆန္ဒပြရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကို စီစဉ်နေသူများထဲမှ တစ်ဦးဖြစ်သူ အောင်ဌေးက နိရဥ္စရာသို့ပြောသည်။

“ကျွန်တော်တို့အားလုံးက လက်မခံနိုင်တဲ့ ဒီအသုံးအနှုန်းကို ဘန်ကီမွန်းကပြောသွားတာကို ကျွန်တော်တို့ ငြိမ်ခံနေလို့ မရဘူး။ ငြိမ်ခံနေရင် ဝန်ခံရာကျမယ်။ ဒါကြောင့် အခုလို ဆန္ဒပြဖို့စီစဉ်ရတာပါ” ဟုဆိုသည်။

ယင်းအပြင် မွတ်ဆလင် လူနည်းစု ဟု သုံးနုန်နေခြင်းအပေါ်လည်း ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ဘင်္ဂလီလူမျိုးများမှာ လူများစု ဖြစ်ကြောင်း၊ လူနည်းစုဟု ကုလသမဂ္ဂက ပြောဆိုသုံးနှုန်း နေခြင်းကို ရုတ်သိမ်းပေးရန်တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ နယ်စပ်မြို့နယ်များ ဖြစ်ကြသော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လူနည်းစု ရခိုင်တိုင်းရင်းသားများအား အကူအညီပေးရန် တောင်းဆိုသွားမည် သူကပြော သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က မြန်မာနိုင််ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟု တရားဝင် ပြောဆိုထားသော်လည်း ကုလ အတွင်းရေးမှူး ဘန်ကီမွန်းက ယခုလို မြန်မာနိုင်ငံသို့လာပြီး ထိုအသုံးအနှုန်းကို ထည့်သွင်းပြောဆိုခဲ့ခြင်းအပေါ်  သမ္မတဦးသိန်းစိန်ကိုသာမက ရခိုင်တိုင်းရင်းများနှင့် မြန်မာတစ်နိုင်ငံလုံးကို စော်ကားရာရောက်သည်ဟုဆိုကာ အများက မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

Most read this week