ဘူးသီးတောင်မြို့ ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ် ဖမ်းခံထားရသူ တရားခံ (၃) ဦးအား တရားစွဲတင်

ဘူးသီးတောင်မြို့ ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ် ဖမ်းခံထားရသူ တရားခံ (၃) ဦးအား တရားစွဲတင်
by -
နိရဥ္စရာ

ဘူးသီးတောင်မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေက ပေါက်ကွဲခဲ့သော ဗုံးခွဲမှုနှင့် ပတ်သက်ပြီး ဆက်စပ် ဖမ်းဆီးခံထားရသူ ဘင်္ဂလီ လူမျိုး (၃) ဦးကို နိုဝင်ဘာလ ၁၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် တရားစွဲတင်ခံရသူ (၃) ဦးမှာ ဘူးသီးတောင်မြို့၊ မြို့သစ်တောင် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တည်းခိုရိပ်သာဆိုင်တန်းမှ Icon ကွန်ပျူတာနှင့် မိတ္တူဆိုင်မှ အာမက်ဒူလာ (ဘ) အီဆုပ်ဇာလာ (၂၉)နှစ်၊ ၎င်းဆိုင်တန်းရှိ စက်ဘီး၊ ဆိုင်ကယ် အပို ပစ္စည်း အရောင်းဆိုင်မှ နိုအာလောင်(ခ)အောင်နိုင် (ဘ) မော်ဂူလာမက် (၃ဝ)နှစ် နှင့် စက်ဘီးပြင်သမား ရာမာလီ (ဘ)ဘာဆာမျာ (၁၉)နှစ် တို့ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Buthidaung-court1

“နိုဝင်ဘာလ ၁ ရက်နေ့မှာ သူတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး Icon ကွန်ပျူတာဆိုင်ကနေ ပေါက်ကွဲမှုနဲ့ ဆက်စပ် သက်သေခံ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးက တရားရုံးမှာ ဖြောင့်ချက် ပေးထားပါတယ်” ဟု ဆိုသည်။

ဘူးသီးတောင် မြို့နယ် တရားသူကြီး ရှေ့မှောက်တွင် ဖြောင့်ချက်ပေးထွက်ဆိုခဲ့သူမှာ ရာမာလီ ဖြစ်ပြီး ၎င်းမှာ ငွေရမည်ဟု ဆွဲဆောင်မှုကြောင့် ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ရ ရက်နေ့က  ဝန်ခံခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ည ( ၉း၁၅) အချိန်တွင် ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဧည့်ရိပ်သာအနီးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။

ပေါက်ကွဲခဲ့သော နေရာအနီးတဝိုက်မှ မိုဘိုင်းတယ်လီဖုံးတစ်လုံး၊ စက်သီး ဘောစေ့များနှင့် တစ်ခြား ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ယင်းပေါက်ကွဲခဲ့သော ဗုံးများမှာ  လက်လုပ်ဗုံး ဖြစ်သော်လည်း ချိန်ကိုက်ဗုံးအမျိုးအစား ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။

၎င်းအမှုကို  ရဲအုပ်မြတ်ထွေးက တရားလိုပြုလုပ်၍ ဘူးသီးတောင်မြို့နယ် တရားရုံးသို့ ပုဒ်မ၁၉(စ)ဖြင့် တရား စွဲဆိုတင်ပို့ခဲ့ပြီး တရာရုံးက ပြစ်မှုကြီးအမှတ် ၂၆၇/၂ဝ၁၄ ဖြင့် လက်ခံလျှက် စတင် စစ်ဆေးနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ နောက်ထပ်ခေါ်ယူစစ်ဆေးမှုများ ရှိသော်လည်း နောက်ဆက်တွဲ ဖမ်းဆီးခြင်းများ မရှိသေးကြောင်း သိရသည်။

Most read this week