သွားလာမှုလွယ်ကူစေရန် တောင်သူများ ပြုပြင်ထားသောလမ်းကို ယုဇနကုမ္ပဏီ ဖျက်ဆီး

သွားလာမှုလွယ်ကူစေရန် တောင်သူများ ပြုပြင်ထားသောလမ်းကို ယုဇနကုမ္ပဏီ ဖျက်ဆီး
by -
ကေအဲန်ဂျီ

ကချင်ပြည် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမရှိ ယုဇကုမ္ပဏီပိတ်ပင်ထားသော လမ်းဟောင်းကို ၀ါရာဇွပ် (Wa Ra Zup) ကျေးရွာ တောင်သူလယ်သမားများသည် တနိုင်တပိုင်လုပ်ကိုင်နေသော တောင်ယာသွားသည့်လမ်း လွယ်ကူအောင်ပြန်လည် ပြုပြင်ထားရာ ကုမ္ပဏီက လမ်းကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

ဝါရာဇွပ် (Wa Ra Zup) ကျေးရွာ တောင်သူများသည် လီဒိုလမ်းကြီးအတိုင်း သွားလျင်ကွေ့ကောက်၍ ဝေးလံသည်သာမက ယုဇနကုမ္ပဏီ၏ ဂိတ်ကြေးများလည်း အနည်းဆုံး ၃၀၀၀ ကျပ် ထိ ပေးဆောင်နေရသောကြောင့် စပါးများရိတ်သိမ်းချိန် သယ်ယူရလွယ်ကူစေရန် နိုဝင်ဘာ ၁၁ ရက်နေ့ကရွာမှ လယ်သို့အသွား ၃ မိုင်ကျော်တွင် လမ်းမြေဖို့ပြုပြင်ထားသည်ကို ကုမ္ပဏီဝန်ထမ်းများက ဖျက်ဆီးပေးလိုက်ခြင်းဖြစ်သည်ဟု ၀ါရာဇွပ်တောင်သူများ KNG ကချင်သတင်းဌာန သို့ပြောသည်။

hugawng valley

မည်သည့်ကိစ္စကြောင့် ထိုသို့ဖျက်ဆီးပေးလိုက်သည်ကို မသိရသော်လည်း "သူတို့ပိတ်ထားတဲ့လမ်းကို ကျနော်တို့ ပြန်ဖွင့်လိုက်တော့ သူတို့ဂိတ်ကြေးမရတော့မှာ စိုးရိမ်လို့ အခု လိုလုပ်လိုက်တာဖြစ်နိုင်တယ်" ဟု ယူဆကြောင်း ဒေသခံတောင်သူ ဦးလဂေါင်ဂွန်း (Lagau Gun) KNG ကချင်သတင်းဌာန သို့ပြောသည်။

ယမန်နှစ်များတွင် ဝါရွာဇွပ် (Wa Ra Zup) တောင်သူများအတွက် လယ်ယာသို့ သွားချိန် ၁၀ မိုင် ကျော် ခရီးဖြစ်ကာ လမ်းတွင်လည်း ဂိတ်ကြေးအမြဲပေးဆောင်ရသောကြောင့် ရွာဥက္ကဌများ အုုပ်စုအုပ်ချုပ်ရေးမှူးများအား ခွင့်တောင်းကာ ပြုပြင်လိုက်ခြင်းဖြစ်ကြောင်း ဝါရာဇွပ်တောင်သူများ ပြောသည်။

တောင်သူများသည် ၎င်းတို့ပြုပြင်ထားသောလမ်းကို မြေများတူးဆွကာ ချိုင့်များပြုလုပ်လိုက်သောကြောင့် စပါးများသယ်ယူရန်မဖြစ်နိုင်တော့ကြောင်း၊ ထော်လာဂျီကား၊ နွားလှည်းများ ဖြတ်သန်း၍မရနိုင်တော့ပဲ ခြေကျင်ခရီးသာလျင်သွားနိုင်တော့သဖြင့် ကုမ္ပဏီအား မကျေမနပ်ဖြစ်နေကြသည်။

အဆိုပါ ဖျက်ဆီးသူများတွင် ယုဇနကုမ္ပဏီမှ အလုပ်သမားများဖြစ်သော ဦးမြင့်သိန်း၊ ဦးဝင်းဆွေ၊ ဦးဇော်မြိုင်လင်းတို့သည် သံတိုင်၊ ပေါက်ပြား၊ပေါက်တူးများဖြင့် ၃၊ ၄ ပေ တူးပြီး ဖျက်ဆီးလိုက် ခြင်းဖြစ်သည်ဟု ဒေသခံများမျက်မြင်များပြောသည်။

ထိုသို့ဖျက်ဆီးနေသောကြောင့် ဒေသခံ တောင်သူများက သွားရောက်ဆီးတားခဲ့ချိန် သက်ဆိုင်ရာ  ကုမ္ပဏီဝန်ထမ်းများက "ကျနော်တို့ တစ်ယောက်ကိုနေ့စားငွေ ၅၀၀၀ ကျပ် ပေးပြီး ဖျက်ခိုင်းတာဖြစ်တယ်။ ယုဇနကုမ္ပဏီ ဂိတ်စခန်းတာဝန်ခံ ဦးမြကျော် စေခိုင်းတာဖြစ်တယ်" ဟု သာပြောဆိုခဲ့ပြီး မတားမြစ်နိုင်ခဲ့ကြောင်း တောင်သူများပြောသည်။

ဒေသခံများ လယ်ယာသွားလာလုပ်ကိုင်မှုတွင် ခက်ခဲမှုများစွာ ရင်ဆိုင်ရသောကြောင့် ထိုသို့ ပြုပြင်ခဲ့သည့် ကုမ္ပဏီဖက်က ဖျက်ဆီးပေးလိုက်ခြင်းအပေါ် ဆက်လက်ပြုပြင်အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကုမ္ပဏီကိုလည်း ဆန္ဒပြတောင်းဆိုမည်ဟုလည်း ပြောဆိုကြသည်။

ယုဇနကုမ္ပဏီသည် ကချင်ပြည်နယ်တနိုင်းမြို့ ဟူးကောင်းချိုင့်ဝှမ်းဒေသသို့ ၂၀၀၆ ခုနှစ်မှ ရောက်ရှိလာကာ ချိုင့်ဝှမ်း ဒေသတလျှောက် ဒေသခံများဆန္ဒမပါပဲမြေကွက်များကို သိမ်းယူမှုကြောင့် ယနေ့ထိ ဒေသခံနှင့် ကုမ္ပဏီကြား အငြင်းပွားနေဆဲဖြစ်သလို ပီလော ပီနံများစိုက်ပျိုးရေးလုပ်ဆောင်မှုတွင် ပီလောပီနံ ဓါတုဆေးများကြောင့် တောင်သူများ၏ ကျမ်းမာရေး အပြင် ကျွဲ၊ နွား တိရိစ္ဆန်များ ဆုံးရှုံးမှုကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်းသိရသည်။

Most read this week