တိုင်းရင်းသားနယ်မြေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသေး

တိုင်းရင်းသားနယ်မြေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသေး
by -
ကေအဲန်ဂျီ

တိုင်းရင်းသားဒေသ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ရှိနေသည့် အခြေအနေများကို “Attacks on Peace” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံရှိလူ့အခွင့်အရေးလှုပ်ရှား သူများက ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်၌ နိုဝင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

နိုင်ငံတကာက လက်ရှိ တိုင်းရင်းသား နယ်မြေများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို သိရှိစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ နန်းခွန်လိတ်က KNG ကချင်သတင်းဌာန သို့ ပြောသည်။

Karan-Refugee-s

“ကချင်နဲ့ရှမ်းမြောက်ဘက်တွေမှာ စစ်တပ် ထပ်ဖြည့်လာတယ်။ ကရင်ပြည်နယ် ထဲမှာလည်း စစ်ပွဲထပ်ဖြစ် တယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေရော ဖြစ်နေတယ်၊ နိုင်ငံတကာအတိုင်းအဝိုင်းက အစိုးရကနေ အောင်မြင်နေ တလောက် ရှိပြီလို့ မြင်တယ်။ နိုင်ငံတကာက sanction တွေလည်း တချို့ရုပ်သိမ်းလိုက်တယ်။ အစိုးရ အချင်းချင်း engagement တွေပိုများလာတယ်။ နိုင်ငံတကာ ထောက်ပံ့ မှုတွေလည်း နေပြည်တော် ဘက်သွားတာ များတယ်။ တိုင်းရင်းသား နယ်မြေထဲတကယ် ဖြစ်ပျက်နေတာကို မပြောကြတော့ဘူး။ လက်ရှိ ဘာတွေဖြစ်နေတယ်ဆိုတာကို ပြန်ပြီးပြောပြတာဖြစ်တယ်” ဟု သူက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ချင်းမိုင်တက္ကသိုလ်မှ Dr Chayan Vaddhanaphuti ၊ ကချင်အမျိုးသမီးအစည်းအရုံး (KWAT) မှ အထွေထွေ တွဲဖက် အတွင်းရေးမှူး ဂျက်စီကာအင်ခွမ်၊ ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင် (SHRF)မှ ပြောရေးဆိုခွင့်ရှိသူ နန်းခွန်လိတ်နှင့် ကရင်သဘောဝပတ်ဝန်းကျင်နှင့် လူမှုရေးလှုပ်ရှားမှုကွန်ရက်အဖွဲ့ (KESAN) မှ ဒါရိုက်တာ ပေါလ် စိန်တွာ (Paul Sein Twa)နှင့် Shan State Nationalities Youth (SSSNY) မှ ဒါရိုက်တာ နန်းချမ်တောင်း (Charm Tong) တို့မှ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားများ တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး ဆွေးနွေးနေသော်လည်း အစိုးရဘက်မှ စစ်အင်အား တိုးချဲ့မှုများ၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်းဆိုလိုကြောင်း ပြောဆိုသည်။

“အစိုးရက ပြောင်းလဲမှုက အကောင်းကြီးဘဲ ပြမယ်။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်တာက တကယ့်တ ကယ် ဒေသခံတွေမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ တိုက်ပွဲတွေ၊ နေရာ ရွှေ့ပြောင်းတာတွေက သိဖို့ ကျနော်တို့ ဖော်ပြချင်တယ်။ ကျနော်တို့ ဖော်ပြတဲ့ နယ်မြေမှာက လူ့အခွင့်အရေး လူ့အခွင့်အရေးချိုးဖောက်မှု လုံးဝ မရှိတော့ဘူးဆိုတာကတော့ ကျနော်တို့ ပြောလို့မရဘူး။ စားနပ် ရိက္ခာထောက်ပံ့မှုကတော့ ခုထိ ရနေပြီလား။ မရဘူးလားဆိုတာ မသိသေးဘူး” ဟု KESAN မှ ဒါရိုက်တာ ပေါလ်စိန်တွာ (Paul Sein Twa) က ပြောသည်။

ထို့ပြင် နိုဝင်ဘာလ ရ ရက်က ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ (KRW) က ထုတ်ဝယ်ခဲ့သော “Afraid to Go Home” အမည်ရှိ အစီရင်ခံစာကိုလည်း ဆွေးနွေးခဲ့ပြီး အစီရင်ခံစာပါစက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၁၇ ရက်ထိ ကရင်ပြည်နယ် ဘာအံ့နှင့် ဖာပွန်မြို့နယ်နှင့် မွန်ပြည်နယ်အတွင်း အစိုးရ လက်အောက်ခံ နယ်ခြား စောင့်တပ်နှင့်ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA)တို့အကြား တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဗီဒီယို မှတ်တမ်းကို ပြသခဲ့သည်။

ဆွေးနွေးပွဲကို ချင်းမိုင်တက္ကသိုလ်ရှိ Faculty of Social Sciences အစည်းအဝေး ခန်းမဆောင်တွင် နိုဝင်ဘာလလ မွန်းလွဲပိုင်း ၁ နာရီမှ ၄ နာရီထိ ကျင်းပခဲ့ရာ ပြည်တွင်း ပြည်ပ သတင်းထောက်များနှင့် မြန်မာ့အရေးလေ့လာသူများ အပါအဝင် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

Most read this week