ကာလကတ္တားထောင်ထဲရှိ ရဲဘော် ၃၄ ဦးအမှုကို ဇွန်လ ၂၂ ရက်နေ့တွင် ကြားနာ စစ်ဆေးမည်

ကာလကတ္တားထောင်ထဲရှိ ရဲဘော် ၃၄ ဦးအမှုကို ဇွန်လ ၂၂ ရက်နေ့တွင် ကြားနာ စစ်ဆေးမည်
ကာလကတ္တား အကျဉ်းထောင်ထဲရှိ ရခိုင်နှင့် ကရင် ရဲဘော် ၃၄ ဦးအမူကို ဇွန်လ ၂၂ ရက်နေ့တွင် ဆက်လက် ကြားနာ စစ်ဆေးမည် ဖြစ်သည်။ ယခု ရုံးချိန်းတွင် အိန္ဒိယစစ်ထောက်လှမ်းရေး CBI မှ တရားလို သုံးဦးအား ဆက်လက် စစ်ဆေးနိုင် ဖွယ်ရှိ ...

ကာလကတ္တား အကျဉ်းထောင်ထဲရှိ ရခိုင်နှင့် ကရင် ရဲဘော် ၃၄ ဦးအမူကို ဇွန်လ ၂၂ ရက်နေ့တွင် ဆက်လက် ကြားနာ စစ်ဆေးမည် ဖြစ်သည်။

ယခု ရုံးချိန်းတွင် အိန္ဒိယစစ်ထောက်လှမ်းရေး CBI မှ တရားလို သုံးဦးအား ဆက်လက် စစ်ဆေးနိုင် ဖွယ်ရှိသည်ဟု သူတို့အမှုကို လိုက်ပါ ဆောင်ရွက်နေသူ တဦးက ပြောသည်။

သို့သော်လည်း သူတို့အမှုအား လက်ခံ စစ်ဆေးနေသူ တရားသူကြီးမှာ ရာထူးတိုးသွားသဖြင့် တရားခွင်သို့ လာရောက်နိုင်မှ လာရောက်နိုင်မည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ တရားသူကြီး တရားခွင်သို့ မလာရောက်နိုင်ပါက အမှုကို နောက်ထပ် ရက်ရွှေ့ဆိုင်းရနိုင်ဖွယ် ရှိသည်။

တရားခွင်တွင် တရားလို သုံးဦးအား စစ်ဆေးမေးမြန်းပြီးမှသာ တရားခံအဖြစ် စွပ်စွဲခံထားရသူ ရခိုင်နှင့် ကရင် ရဲဘော် ၃၄ ဦးအား ဆက်လက် စစ်ဆေးမည် ဖြစ်သည်။

ယခုအချိန်ထိ တရားခံအဖြစ် တရားစွဲဆိုခံထားရသူ ရခိုင်နှင့် ကရင်များအား တရားခွင် ထုတ်လာရုံမှ အပ စစ်ဆေး မေးမြန်းခြင်းများ မရှိသေးကြောင်း သိရသည်။

အဆိုပါ ရခိုင်နှင့် ကရင် ရဲဘော် ၃၄ ဦးမှာ ၁၉၉၈ ခုနှစ် ဗိုလ်ရာဇာနှင့် အတူ အိန္ဒိယ ထောက်လှမ်းရေး မှ အန္ဒမန်ထဲမှ ကျွန်းတကျွန်းတွင် ရေတပ် အခြေစိုက် စခန်း တည်ဆောက် ပေးမည်ဟု ခေါ်ယူလာခဲ့ သဖြင့် လိုက်ပါလာရာမှ ဖမ်းဆီးခြင်း ခံထားရသူများ ဖြစ်သည်။

သူတို့အား ဦးဆောင်သူ ဗိုလ်ရာဇာ အပါအဝင် ခေါင်းဆောင် (၆) ဦးအား အိန္ဒိယ စစ်တပ်မှ သွေးအေး အေးဖြင့် လုပ်ကြံ သတ်ဖြတ်ပစ်ခဲ့သည်။ ၄င်းအပြင် တပ်သားအဆင့် ရှိသူ ရခိုင်လူငယ် ကိုရန်နိုင်နှင့် ကရင်လူငယ် တဦးကိုလည်း ပေါ့ဘလေယားမြို့တွင် အိန္ဒိယ ထောက်လှမ်းရေးမှ လုပ်ကြံ ပစ်ခဲ့သည်။

အိန္ဒိယ စစ်တပ်မှ အဆိုပါ လူသတ်မှုကို ကျူးလွန်ပြီးနောက် အစိုးရမှ တခါ ကျန်ရှိသော ရဲဘော် ၃၄ ယောက်ကိုပါ မတရားသဖြင့် နှစ်ရှည် ဖမ်းဆီး ချုပ်နှောင်ထားသဖြင့် အိန္ဒိယအစိုးရ လုပ်ရပ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများက အပြင်းအထန် ဝေဖန်လျက်ရှိသည်။

Most read this week