ပုဏ္ဏားကျွန်းမြို့မစျေးတွင် ပေါက်ကွဲမှုဖြစ်၍ စျေးဆိုင်တစ်ဆိုင်မီးလောင်

ပုဏ္ဏားကျွန်းမြို့မစျေးတွင် ပေါက်ကွဲမှုဖြစ်၍ စျေးဆိုင်တစ်ဆိုင်မီးလောင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မစျေးတွင် ယနေ့ ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ် ပွားခဲ့ပြီး  စျေးဆိုင်ခန်း တစ်ခု မီးလောင်သွားကြောင်း မျက်မြင်သက်သေများနှင့် မြို့မရဲစခန်းမှ တာဝန် ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

ယခုကဲ့သို့ဖြစ်ပွားခဲ့မှုမှာ နိုဝင်ဘာလ ၁၁ ရက်နေ့  ညနေ ၄ နာရီအချိန်က မြို့မစျေးအတွင်းရှိ ဂတ်စ် ဖြည့်သည့် ဆိုင်တစ်ဆိုင်မှစတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး စျေးသူစျေးသားများ၏ ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် အနီးရှိဆိုင်ခန်းများကို ကူးစက် လောင်ကျွမ်းခဲ့ခြင်းမရှိခဲ့ကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့မစျေးတွင် ပေါက်ကွဲမှုဖြစ်၍ စျေးဆိုင်တစ်ဆိုင်မီးလောင်

“အဲဒီဆိုင်ကနေ ပေါက်ကွဲသံ နှစ်ချက်ကြားလိုက်ရတယ်။ သွားကြည့်တော့ မီးခိုးတွေအူပြီး မီးလောင်နေ လို့ အားလုံးဝိုင်းပြီး မီးငြိမ်းသတ်လိုက်ရတယ်”ဟု အခင်းဖြစ်သည့်နေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ပုဏ္ဏား ကျွန်းမြို့ခံ ဦးစံရွှေကျော်က နိရဥ္စရာသို့ပြောသည်။

ယခုမီးလောင်ကျွမ်းခဲ့သည့်ဂတ်စ်ဖြည့်သောဆိုင်တွင် မီးလောင်ကျွမ်းမှုအပြီး ယမ်းစိမ်းများ၊ ဗြောက်အိုး များ၊ ဂတ်စ်ဗူးများနှင့် မီးရှူးမီးပန်းများကိုလည်း တွေ့ရှိခဲ့ရကြောင်း မျက်မြင်များက ဆိုသည်။

“အချိန်မီငြိမ်းသတ်နိုင်လို့သာ ဒီတစ်ဆိုင်တည်းနဲ့ ငြိမ်းသွားတာပါ။ ညအချိန် မတော်ဖြစ်မယ် ဆိုရင်တော့ မြို့မစျေးကြီးတစ်ခုလုံးဆုံးရှုံးသွားနိုင်ပါတယ်”ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက မှတ်ချက် ပြုသည်။

ယခု မီးလောင်ကျွမ်းခဲ့သည့်ဆိုင်မှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်နေ ဦးနော်နော်(၄၅ နှစ်)က ပိုင်ဆိုင်ကြောင်း၊ ညနေ ၄ နာရီထိုးသည်နှင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဆိုင်ကိုပိတ်၍ အိမ်ပြန်သွားပြီးနောက် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမီးမှာ အပူလွန်ကဲရာမှတဆင့် ယခုကဲ့သို့မီးလောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုသည်။

Most read this week