မောင်တောမြို့နယ်တွင် မီးသတ် တပ်ရင်း နှစ်ရင်း ဖွဲ့စည်းမည်

မောင်တောမြို့နယ်တွင် မီးသတ် တပ်ရင်း နှစ်ရင်း ဖွဲ့စည်းမည်
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ရှိ မောင်တောမြို့နယ်တွင် မီးသတ်တပ်ရင်း (၂) ရင်းကို ကျေးရွာ ၃ဝ ကို အခြေခံပြီး ဖွဲ့စည်းသွားမည်ဟု အမည်မဖေါ်လိုသူ ခရိုင်ရုံးမှ တာဝန်ရှိသူ တဦးက ပြော ...

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ရှိ မောင်တောမြို့နယ်တွင် မီးသတ်တပ်ရင်း (၂) ရင်းကို ကျေးရွာ ၃ဝ ကို အခြေခံပြီး ဖွဲ့စည်းသွားမည်ဟု အမည်မဖေါ်လိုသူ ခရိုင်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ မီးသတ် တပ်ရင်း တစ်ရင်းကို မီးသတ် တပ်ဖွဲ့ဝင် အင်အား ၅၆၆ ဦးနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ကျေးရွာပေါင်း ၃ဝ က လူစာရင်းကို ကောက်ပြီး ပြည်နယ် မီးသတ် ဦးစီးဌာနကို တင်ထားလိုက်ပါပြီ။”

ယခုဖွဲ့စည်းမည့် မီးသတ် တပ်ဖွဲ့တွင် ဒေသခံ ရခိုင်များသာမက မူဆလင် ဘာသာဝင်များလည်း ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့် ရမည်ဟု သိရသည်။

“ မကြာမှီတော့ မီးသတ် သင်တန်းတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဓိကတော့ မီးသတ် တပ်ဖွဲ့ထက် တခြား လိုအပ်ချက်ရှိတဲ့ နေရာတွေမှာ အသုံးပြုဖို့ အာဏာပိုင်တွေက ရည်ရွယ်ပုံရပါတယ်။” ဟု သူက ပြောသည်။

မောင်တောမြို့နယ်တွင် ပညာတတ် စာရင်းများကို ကောက်ယူခြင်း၊ ပြည်ခိုင်ဖြိုး အဖွဲ့ကို အင်အား တောင့်တင်းအောင် ဖွဲ့စည်းခြင်းများကို ပြုလုပ်ပြီးနောက် အဆိုပါ မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းရန် အာဏာပိုင်များက ယခုအခါ စီစဉ် ဆောင်ရွက်လာခြင်း ဖြစ်သည်။

မောင်တောက အရပ်သား တဦးက “ သူတို့ ရည်ရွယ်ချက်ကတော့ မောင်တောမြို့နယ်မှာ လူဦးရေ အလွန်များတဲ့အတွက် ၂ဝ၁ဝ ခုနှစ် ရွှေးကောက်ပွဲ ဖြစ်လာရင် လုံခြံုရေးနဲ့ မဲရုံတွေ စောင့်ဖို့ အတွက် အခုကတည်းက ကြိုတင် ပြင်ဆင်တာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ရခိုင်ပြည်နယ် အတွင်းရှိ တခြားမြို့နယ်များတွင်လည်း ယခုကဲ့သို့ ကျေးရွာ မီးသတ်တပ်ဖွဲ့များကို ဖွဲ့စည်းနေသည်ဟု သိရသည်။

အဆိုပါ ကျေးရွာ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် လစာ ထောက်ပံ့ကြေး ရမည် မရမည်ကို မပြောနိုင် သေးကြောင်း ခရိုင်တာဝန်ရှိသူက နိရဥ္စရာသို့ ပြောကြားသွားသည်။

Most read this week