ဘုံရန်သူ မူးယစ်ဆေးဝါးပပျောက်ရေး မံဝင်းကြီးတွင် လှုပ်ရှား

ဘုံရန်သူ မူးယစ်ဆေးဝါးပပျောက်ရေး မံဝင်းကြီးတွင် လှုပ်ရှား
by -
ကေအဲန်ဂျီ

ကချင်ပြည် မန်စီမြို့နယ် မံဝင်းကြီးကျေးရွာတွင် ကချင်အသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီ အဖွဲ့များက မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဒေသခံလူထုများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ သတိပေး ဗီနိုင်းပိုစတာများ စိုက်ထူသည့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မံဝင်းကြီးကျေးရွာတွင် ယနေ့ နိုဝင်ဘာ  ၁၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီချိန်ထိပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွာမှ မိုင် ၄၀ အကွာရှိကျေးရွာများတွင် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ပြုလုပ်နေခဲ့ကြောင်း မံဝင်းကြီးဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဆရာလဖိုင်ဇော်လတ် KNG ကချင်သတင်းဌာန သို့ ပြောသည်။

Kachin-anti-drug-campaign-2014

"မူးယစ်ဆေးဝါးဟာ ကချင်အမျိုးသားတွေအားလုံးရဲ့ အဓိက ရန်သူဖြစ်တယ်ဆိုတာသိစေချင်တယ် ပြီးတော့ ဒီလှုပ်ရှားမှုမှာ တဖြည်းဖြည်းချင်း အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်သွားကြမယ်။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေရဲ့ပါ၀င်မှုတွေ သဘောထားတွေရအောင်လည်း လုပ်ဆောင်နေတာပါ” ဟု ပြောသည်။

မူးယစ်ဆေးဝါးပြန့်ပွားမှုများ ပပျောက်နိုင်ရေးအတွက် လက်ကမ်းစာစောင်များတွင် “မူးယစ်ဆေးဝါးသည် တမျိုးသားလုံး၏ အဓိကကျသော ထာဝရဘုံရန်သူဖြစ်သည်” ဟုဆိုပြီး သမ္မာကျမ်းစာများဖြင့်လည်း အသိပေး ရေးသားမှုများပြုလုပ်ကာ ဗီနိုင်းပိုစတာများတွင်လည်း “မူးယစ်ဆေးဝါးကို ဝိုင်းဝန်းတိုက်ဖျက်ကြစို့” စာသားများကို ကချင်၊ မြန်မာ၊ တရုတ်၊ ရှမ်းဘာသာ ၄ မျိုးဖြင့် ရေးသားစိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မံဝင်းကြီးဒေသ မူးယစ်တိုက်ဖျက်ရေး ကော်မတီမှ အဖွဲ့ ၆ ဖွဲ့ခွဲကာ မံဝင်းကြီးကျေးရွာတွင် ၁၃ နေရာနှင့် အခြားကျေးရွာများတွင် နေရာ ၃၄ တို့တွင် အသီးသီး မူးယစ်တိုက်ဖျက်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်ဟု ပြောသည်။

မံဝင်းကြီးဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများစာရင်း ၂၀၀ ခန့် ရရှိထားပြီး ထိုသူတို့အား သတိပေးမှုများပြုလုပ်မည်ဖြစ်ကြောင်းနှင့် နာခံမှုမရှိပါက အရေးယူအပြစ်ပေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ကော်မတီအဖွဲ့များပြောသည်။

မံဝင်းကြီးကျေးရွာတွင် ဒေသခံများအပါအဝင် စစ်ပြေးဒုက္ခသည် စခန်းလည်းရှိကာ လူဦးရေစုစုပေါင်း ၁၂၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကချင်ပြည်နယ်ရှိ ခရစ်ယာန်အသင်းတော်များစုပေါင်းဦးဆောင်ကာ မူးယစ်ဆေးဝါးတိုက်ဖျက်မှုများ ကို ဒေသအသီးသီး တိုင်းရင်းသားမျိုးနွယ်စု မခွဲခြားတားမြစ်လှုပ်ရှားနေခြင်း အပေါ် ဒေသခံလူထုများ အားရ ကျေနပ်မှုရှိကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင် ရန် မျှော်လင့်ကြောင်း ဒေသခံများပြောသည်။

ယခုနှစ်အစောပိုင်းမှစ၍ အသင်းတော်များပူးပေါင်းဖွဲ့စည်းထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များသည် အဓိက မြစ်ကြီးနား၊ ဖားကန့်၊ ဗန်းမော် တို့တွင် လှုပ်ရှားမှုများပြုလုပ်ကာ အရေးယူသတိပေးမှုများ လည်း ပြုလုပ်ခဲ့သည်။

Most read this week