လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ပြည်သူကို ကိုယ်စားပြု၊ မပြု ဆုံးဖြတ်မည့်ပွဲဟု ဒေါ်စုသတိပေး

လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ပြည်သူကို ကိုယ်စားပြု၊ မပြု ဆုံးဖြတ်မည့်ပွဲဟု ဒေါ်စုသတိပေး
by -
မဇ္စျိမ

မကြာခင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတော့မည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမှု များသည် ပြည်သူကို ကိုယ်စားပြု၊ မပြု၊ ဆွေးနွေးမည့် အမတ်များ၏ ဒီမိုကရေစီစံနှုန်းလေးစားလိုက်နာမှုများကို အဖြေပေးမည့်ပွဲဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုလိုက်သည်။

“ပြည်သူတွေကလည်း ဒီဟာဟာ ဘယ်သူဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေကို လေးစားလဲ၊ လိုက်နာလဲဆိုတာ ကို အဖြေပေးမယ့်ပွဲဆိုပြီးတော့ သေသေချာချာကို ကြည့်နေကြပါ” ဟု နိုဝင်ဘာ ၈ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကယားဒေးကွင်းအတွင်း လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆို လိုက်ခြင်းဖြစ်သည်။

ASSK-Kayar-State-Travel-Orate-05

ဖွဲ့စည်းပုံပြင်ဆင်ရေးကို လာမည့်ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်တွင် အမတ်များ၏ ဆွေးနွေးမှု အပေါ် ပြည်သူများ မျက်ခြေမပြတ် နားစွင့်နေရန် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါဆွေးနွေးပွဲတွင် သုံးကြိမ်ထက်မနည်းပြောဆိုသွားသည်။

“ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးကို ဆွေးနွေးပါမယ်။ အဲ့ဒီဟာမှာ ပြည်သူတွေကို ပထမဦးဆုံးအနေနဲ့ အကူအညီတောင်းချင်တာက ဒီဆွေးနွေးပွဲကြီးကို စိတ်ဝင်စားကြပါ။ လိုက်ပြီးတော့ ဒီဟာတွေကို သတင်းစာထဲမှာလည်းပါမှာပါ။ အတိုင်းအတာတစ်ခုထိ သတင်းတွေ၊ သတင်းဂျာနယ်တွေ၊ စသဖြင့် အဲ့ဒီမှာလည်း ပါမှာပါ။ လိုက်ပြီးတော့ နားထောင်ကြပါ။ ဘယ်သူတွေက ဘာပြောနေပြီးတော့ ဘယ်သူတွေက တစ်ကယ်ပဲ ပြည်သူရဲ့ဆန္ဒကို လေးစားတယ်ဆိုတာကို လေ့လာကြပါ။ အဲ့ဒါကို လေ့လာပြီးတော့ ဘယ်သူတွေဟာ  တစ်ကယ်ပြည်သူကို အမှန်အကန်ကိုယ်စားပြုတယ်ဆိုတာကို ဆုံးဖြတ်ကြပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖွဲ့စည်းပုံပြင်ရေးဆွေးနွေးမှုတွင် NLDအနေဖြင့် ပြည်သူများနစ်နာမှုမရှိရန်နှင့် တိုင်းပြည်၏ ဂုဏ်သိက္ခာလည်းမကျရန် လုပ်ဆောင်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သေးသည်။

ထို့ပြင် “ပြည်သူရဲ့အင်အားနဲ့ ပြည်သူ့ရဲ့ ဆန္ဒဟာ အဓိကပါပဲ။ နောက်တစ်ဆင့်ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ကျွန်မတို့ကနေပြီးတော့ အဖြေပေါ်တဲ့အခါကျရင် ပြည်သူကိုချပြပြီးတော့မှ လုပ်မှာဖြစ်ပါတယ်” ဟုလည်း ဆိုသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်းသားများ ပြင်ဆင်ရန် လူထုဆန္ဒကောက်ခံထား သည့် ပုဒ်မ ၄၃၆ကို မပြင်ရန် တပ်မတော်သားအမတ်များက အောက်တိုဘာ ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် အကြံပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်းသမ္မတဖြစ်ရေးကို ပိတ်ပင်သည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၄၃၆ နှင့် ၅၉(စ) စသည့် ပုဒ်မများကို ပြင်ပြင်၊ မပြင်ပြင် တိုင်းပြည်မျက်နှာကိုသာ ကြည့်၍ ဆက်လက်ရပ်တည်မည်ဟု နိုဝင်ဘာ ၅ရက်က ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် အောက်တိုဘာလ ၂၂ ရက်က တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို နို၀င်ဘာလ ၁၃ ရက်မှ ၂၁ ရက်အတွင်း မူသဘောဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကညွန်ကြားထားသည်။

Most read this week