ANP မှ တိုးတက်ရေးဂျာနယ် ပြန်လည်ထုတ်ဝေမည်

ANP မှ တိုးတက်ရေးဂျာနယ် ပြန်လည်ထုတ်ဝေမည်
by -
နိရဥ္စရာ

ရခိုင်ပါတီနှစ်ခုပူးပေါင်းမှုကြောင့် ကြားကာလတွင် အချိန်အတန်ကြာ ရပ်နားထားခဲ့ရသော “ တိုးတက်ရေးသတင်းလွှာ” ကို ရခိုင်အမျိုးသား ပါတီမှ ပြန်လည်ထုတ် ဝေသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

တိုးတက်ရေးသတင်းလွှာကို “ ရခိုင်အမျိုးသားပါတီ သတင်းလွှာ” အမည်ဖြင့် ပြန် လည်ထုတ်ဝေနိုင်ရန် ရခိုင်အမျိုးသား ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားပြီးဖြစ်ကြောင်း၊ အကြောင်းပြန်ကြားချက် ရရှိပါက ချက်ချင်း ထုတ်ဝေသွားမည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ပါတီဌာနချုပ်မှ ရုံးအဖွဲ့မှှူး ဦးမောင်သိန်းလှက ပြောသည်။

D-Journal

“ ပါတီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ အရင်ထုတ်ဝေနေတဲ့ နသ-နဲ့ ထုတ်လို့မရတော့ဘူး။ ဒါကြောင့် ပါတီနှစ်ခုပေါင်းပြီးကတည်းကနေ ရခိုင်အမျိုးသားပါတီ အနေနဲ့ နသ-ပြန်ရဖို့ တင်ပြထားတယ်။ နသ- ပြန်ကျတာနဲ့ ချက်ချင်းပြန်ထုတ်မယ်” ဟု သူက နိရဥ္စရာ သတင်းဌာနသို့ နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ပြောသည်။

ယင်းသို့တင်ပြထားသော်လည်း ယနေ့အချိန်ထိ ထူးခြားမှုတစ်စုံတရာမရှိသေးဟု ယင်းက ဆက်ပြောသည်။

ယခင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ၂ဝ၁၁ ခုနှစ်မှစတင်ကာ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေခဲ့သော “တိုးတက်ရေး သတင်းလွှာ” သည် ၂ဝ၁၃ ခုနှစ်နှစ်လယ်ပိုင်းအထိသာ ထုတ်ဝေနိုင်ခဲ့့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ်တို့ တစ်ပါတီအဖြစ်ပူးပေါင်း ခဲ့ပြီးနောက်မှစတင်ကာ အဆိုပါသတင်းလွှာ ထုတ်ဝေမှုကို ရပ်နားခဲ့သည်။

ယခင်ထုတ်ဝေခဲ့သော တိုးတက်ရေးသတင်းလွှာမှာ ပါတီမှ ထုတ်ဝေသော စာစောင်တစ်ခု ဖြစ်သော်လည်း ပါတီ၏ အာဘော်ထက် ပြည်သူလူထု အကျိုးပြု သတင်းများနှင့် ဆောင်းပါးများကို အလေးပေး ရေးသား ဖေါ်ပြခဲ့သဖြင့် စာဖတ်ပရိသတ်၏ အားပေး ထောက်ခံမှုကို ရရှိခဲ့သည်။

“ ကျွန်တော်ကတော့ ဒီဂျာနယ်ရဲ့ ပရိသတ် တစ်ဦးပါ။ ပြန်လည် ထုတ်ဝေမယ်ဆိုတော့ ၀မ်းသာပါတယ်” ဟု စစ်တွေမြို့မှ အငြိမ်းစား ဆရာတစ်ဦးက ပြောသည်။

အမာခံစာဖတ်ပရိသတ်များကလည်း သတင်းလွှာပြန်လည် ထွက်ရှိလာမည့်အချိန်ကို မျှော်လင့်နေကြသည်ဟု လည်း စာဖတ်ပရိသတ်အချို့က ဆိုသည်။

Most read this week