၀န်ကြီးချုပ်ဖလား တိုင်းနှင့်ပြည်နယ် နပန်းပြိုင်ပွဲ ပထမဆုံးအကြိမ် ရခိုင်တွင် ကျင်းပ

၀န်ကြီးချုပ်ဖလား တိုင်းနှင့်ပြည်နယ် နပန်းပြိုင်ပွဲ ပထမဆုံးအကြိမ် ရခိုင်တွင် ကျင်းပ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖလား ပြည်နယ်နှင့််တိုင်း နပန်းအားကစားပြိုင်ပွဲကို နိုဝင်ဘာလ ရ ရက်နေ့  ညနေ ၆ နာရီ အချိန်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဝေသာလီ အားကစားကွင်းတွင် မီးရောင်စုံထွန်းညှိကာ ကကွက်များ ဖေါ်၍ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့မှ တက်ရောက် ဖွင့်လှစ်ခဲ့သည်။

Naban

ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းမှ ရခိုင်ရိုးရာ ‘ ကျင်’ အားကစား အပေါ် ထုတ်ဖေါ် ချီးကျူးသွားပြီး ‘ကျင်’ အားကစားသည် နပန်းအားကစားကိုများစွာ  အထောက်အကူ ပြုစေနိုင်သည် ဟု ပြောကြားသွားသည်။

“ရခိုင်ရိုးရာကျင်အားကစားသမားများသည် အပြည်ပြည်ဆိုင်ရာနပန်းအားကစားသမားများ အပေါ် များစွာ အထောက်အကူပြုစေနိုင်တဲ့ အတွက် ကျင်အားကစားသမားတွေကို ရွေးချယ်မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။

နပန်းအားကစားနည်းသည်  မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကတည်းက မြန်မာ့ရိုးရာ နပန်းအားကစားနည်းဟူ၍ ထင်ရှားခဲ့ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဆိုသည်။

ခန္ဓာကိုယ်ကြံ့ခိုင်စွမ်းရှိမှု၊ လျင်မြန်ပါးနပ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စည်းကမ်းရိုသေလိုက်နာမှု စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့် နပန်းအားကစားနည်းမှာ မြန်မာနိုင်ငံအတွင်းရှိ အခြား တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း တွင်ကျယ်စွာ ကစားလျက်ရှိနေသည်ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးရာကျင်ပွဲမှာ အထင်ရှားဆုံးနှင့် ယနေ့တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေကြောင်း၊ သို့အတွက်ကြောင့်  ရခိုင်ရိုးရာကျင်အားကစားသမားများကို ယခုထက်ပိုမိုမွေး ထုတ်ပေးသင့်ကြောင်း ဝန်ကြီးက  ဆက်လက် ပြောဆိုသည်။

Naban-3

နပန်းအားကစားမှာ ရခိုင်ရိုးရာ ကျင်အားကစားနှင့် တစ်စုံတစ်ရာ ဆက်နွယ် ပတ်သက်မူ မရှိကြောင်း စစ်တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

“ နပန်းဟာ နပန်း၊ ကျင်ဟာ ကျင်ဘဲ။ နပမ်းနဲ့ ကျင်ဟာ တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်မူ မရှိပါဘူး။ ဒါကို ကွဲကွဲပြားပြား မြင်ဖို့လိုပါတယ်” ဟု ဆိုသည်။

ယခု စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်နေသော နိုင်ငံတကာ နပန်းအားကစားပြိုင်ပွဲကို နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ် တစ်ခုတွင် နိုင်ငံတကာ အားကစားနည််း တစ်ခုခုကို ကျင်းပရန် ညွှန်ကြားထားသည်ဟု သိရသည်။

“ ရခိုင်ပြည်နယ်က နပန်းအားကစားနည်းကို ကျင်းပခွင့်ရတဲ့အတွက် ခုလို ပြုလုပ်နေတာ ဖြစ်ပါတယ်။ တိုင်းနှင့်ပြည်နယ်တွေက ကိုယ်စားပြု အားကစားသမားတွေ လာရောက် ယှဉ်ပြိုင်ကြပါတယ်။ ဒိုင်ကတော့ ဂျာမဏီက ဖြစ်ပါတယ်” ဟု ဦးသန်းထွန်းက ဆိုသည်။

တိုင်းနှင့်ပြည် နယ်တစ်ခုစီ အားကစားနည်း တစ်မျိုးစီကိုပြုလုပ်ခွင့်ရသည့် အနက် ရခိုင်ပြည်နယ်တွင် နဘန်း အားကစားပြိုင်ပွဲကို ပြုလုပ်ခွင့်ရရှိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နပန်းအားကစားနည်းမှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း ယနေ့တိုင်ကစားလျက်ရှိ နေသည့် အားကစားနည်း တစ်မျိုးဖြစ်သော်လည်း ကျင်အားကစားနည်းထက် အလေးထားကစားကြသည်ကိုမတွေ့ ရကြောင်း ရခိုင်သက်ကြီးပိုင်း အချို့က ပြောကြားသည်။

ယခုပြုလုပ်နေသည့်နပန်းအားကစားနည်းမှာ ရခိုင်ရိုးရာအားကစားနည်းမဟုတ်သည့်အတွက် ရိုးရာအားကစားနည်းဖြစ်သည့် ကျင်အားကစားပြိုင်ပွဲကိုသာ ယခုပြုလုပ်နေသည့်ပွဲကဲ့သို့ ခမ်းနားကြီး ကျယ်စွာပြုလုပ်ပေးသင့်ကြောင်းလည်း ရခိုင်တိုင်းရင်းသားများက ထောက်ပြပြောဆိုနေကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် နပန်းအားကစား ပြိုင်ပွဲကို နိုဝင်ဘာလ ရ ရက်နေ့မှ ၉ ရက်အထိ ၃ ရက်တိုင်တိုင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Most read this week